Sunday, March 10, 2013

ဒီမိုကရေစီ နောက်ပြန်မဆုတ်စတမ်း

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက်ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Mr.Jose Manual Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။
www.news-eleven.com မှာပါတဲ့ သမ္မတကြီးရဲ့ အထက်ပါပြောကြားချက်ကို ဖတ်ရှုပြီး အလွန်အားရသဖြင့် ယ္ခုလို ကွန်းမင့် ရေးသားလိုက်ပါသည်။
သမ္မတကြီးရဲ့ ဂတိကိုလုံးဝ ယုံကြည် ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ အရေးကြီးဆုံးတာဝန်ယူရတဲ့ သမ္မတကြီးရဲ့ အနေအထားနဲ့ တိုက်ဆိုင်မှု ကံကြမ္မာဟာ ကျွန်တော်တို့မြန်မာနိုင်ငံတော် အတွက်အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေတွေးခေါ်ပုံတွေးခေါ်နည်းဟာ ကျွန်တော်တို့ အာရှတိုင်းသား အရှေ့တိုင်းသားတွေနဲ့မတူပါဘူး။ သူတို့ကပိုပြီး လက်တွေ့ကျတယ် (Pragmatism) ဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တိုင်းသားတွေကတော့ ဟိုချေးများ ဒီချေးများနဲ့ အာလူးဖုတ်တာနဲ့ အချိန်ကုန်နေတာပါ။ နောက်ပြီးတော့မှ အလဟဿဖြုန်းတီးပစ်တဲ့ အချိန်အတွက် အဖတ်ဆယ်ရန်၊ တွက်ခြေကိုက်အောင် မှောင်ခိုနည်း၊ မသမာ လာဘ်ထိုးနည်း၊ လိမ်လည်နည်း၊ အချောင်နှိုက်နည်းတွေနဲ့ မမျှမတ စီးပွားရှာ သွားတာပါ၊ ဒီလိုလုပ်ဆောင်ခြင်းဟာ အဆုံးမယ်တော့ နိုင်ငံရဲ့ Overall စီးပွားရေးကို ထိခိုက်ဆုတ်ယုတ်စေပြီး ဆိုးကျိုးတွေဖြစ်စေပါတယ်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေး၊ ငွေရေးကြေးရေး မညီမမျှတိမ်းစောင်းမှုဖြစ်နေတာ ဘယ်သူ့စနက်လည်းဆိုတာ လူတိုင်းသိထားပါတယ်။ ဒါကို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများက (pragmatic) ကျကျ ပြန်လည် ထိန်းကျောင်း တည့်မတ်ပေးနေပါတယ်။ ဒီလိုအချိန်အခါမျိုးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ဖေါ်ဆောင်သင့်တဲ့ အချိန်အခါ၊ အခွင့်အခါကောင်း ဖြစ်ပါတယ်။ မဟာဗျူဟာချပြီး အရှိန်အဟုန်ပြင်းစွာ တည်ဆောက် လုပ်ကိုင်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ အပြောအဆိုနဲ့ ဂတိပေးပုံတို့ကိုကြည့်ခြင်းအားဖြင့် ယုံကြည် အားကိုးထိုက်သူ၊ အဓိက အချက်အချာ ကျသူ အဖြစ် ခံယူနားလည် ရပါတယ်။ ဥရောပနိုင်ငံ ခေါင်းဆောင်တွေကလည်း ဝါရင့် နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်တာမို့ နိုင်ငံရေး အခင်းအကျင်းတွေ မညံ့ဖျင်းဘူး၊ ကောင်းမွန်တယ်လို့ ယုံကြည်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီရေးဟာ ကျိန်းသေ အောင်မြင်မှာ ဖြစ်ပါတယ်။ သို့ သော် ပြည်တွင်း စည်းလုံးညီညွတ်ရေးတည်ဆောက်ဖို့ NLD စတဲ့ နိုင်ငံရေး ပါတီပေါင်းစုံနဲ့ နားလည်မှု ရအောင်၊ ပြေပြစ် ချောမွေ့အောင်၊ ပူးပေါင်း ဆောင်ရွက် နိုင်အောင်ကြိုးစားရပါမည်။ နေရာပေးရပါမည်။
ဒီလို မဟာဗျူဟာချနိုင်ဖို့ အလွန် ကြီးမားတဲ့သဘောထားနဲ့ နက်ရှိုင်းတဲ့ အမြော်အမြင်ရှိဖို့လိုပါတယ်။ သမ္မတကြီးဟာ သမ္မတကြီး ဆိုတဲ့ ထူးခြားတဲ့ ပါဝါနဲ့ အနေအထားမျိုး ရရှိထားသူဖြစ်တာမို့ ထိုဗျူဟာ ကို အောင်မြင်အောင်ဖေါ်ဆောင်နိုင်တဲ့ အားသာချက် ရှိပါတယ်။ နိုင်ငံခြား အကြွေးကြေရုံ၊ အကူအညီနှင့်ချေးငွေရရုံသက်သက် မျှော်မှန်းနေတာ မဟုတ်ဘဲ တကယ့်ကို မိမိခြေထောက်ပေါ် မိမိ ဂုဏ်ရှိရှိ ရပ်တည်နိုင်အောင် ကြိုးစားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားတာကိုလည်း လွန်စွာ ကြိုက်နှစ်သက်ပါသည် ခင်ဗျား။ အပြောတွေက အရမ်းကောင်းပါသည်။ လက်တွေ့အကောင်အထည်ဖေါ်ဖို့ဘဲ ကျန်ပါတော့သည်။ အနောက်မျှော်ဝါဒလမ်းစဉ်ကိုသာ ကြံ့ကြံ့ခိုင် လျှောက်လှမ်းရင် အရာခပ်သိမ်း အောင်မြင်မည်ဖြစ်ပါသည်။ နောက်တချက်က ကျွန်တော်တို့ မြန်မာတွေအလုပ်လုပ်တဲ့ စပိ အရမ်းနှေးပါသည်။ ရှေးယခင်ကကျွန်တော်တို့ နိုင်ငံဟာ အာရှမှာ အလွန် ချမ်းသာတဲ့နိုင်ငံဖြစ်ခဲ့တာမို့(စင်ကာပူတောင် ကျွန်တော်တို့ရဲ့ နောက်မှာ အပြတ်ကျန်ခဲ့တာပါ) စီးပွားပျက် အိမ်ကြီးသခင် အကျင့်ကမပျောက်သေးတဲ့ အတွက် မှောင်ခိုနည်း၊ ဖြတ်စားအမြတ်ထုတ်နည်း၊ speculation နည်း၊ monopolize နည်း၊ squeeze နည်း၊ exploit နည်း၊ extort နည်း စတာတွေ ကိုဘဲ ကျွမ်းကျင်တာကလွဲလို့ တခြား ဂုဏ်သရေသိက္ခာရှိရှိ နည်းတွေမှာ အရမ်း ညံ့ဖျင်း ခေတ်နောက်ကျ နေပါသည် (ဒါဟာလည်းဘဲ မကောင်းတဲ့ ဆရာကိုဆရာတင်မိလို့ ဖြစ်ပါတယ်)။ အမြင် အယူအဆ၊ အကျင့်အကြံ၊ စတိုင် တွေကအစ ဒစ်ဂျစ်တယ် ကွန်ပျူတာ ခေတ်နဲ့ ကိုက်ညီအောင် သိက္ခာရှိရှိ၊ စနစ်ကျကျ လေ့ကျင့် ကျင့်ကြံဖို့လိုပါသည်။ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုဖျက်ဆီးချင်တဲ့၊ ဘိန်းကြွေးချင်၊ လာဘ်ကြွေး ဖြားယောင်းချင်တဲ့ အဖျက်သမားတွေ၊ ဆရာကြောင်သူတော်တွေနဲ့ မပေါင်းဖို့၊ ဝေးဝေးရှောင်ဖို့ပါဘဲ။ ပြည်ပအားကိုးပုဆိန်ရိုးမလုပ်ဖို့၊ အမေကျော်ထွေးတော်လွမ်း မလုပ်ဖို့ (တချို့ ဝန်ကြီးအဆင့်ရှိတဲ့ လူကတောင် အမေကျော်ထွေးတော်လွမ်းတဲ့ စကားမျိုး ပြောဆိုတာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်) စတဲ့ အချက်တွေကို မြဲမြဲမြန်မြန် ဆုပ်ကိုင် ဖော်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ရရှိနေတဲ့ အသက်ကယ်ပေါက် (Window Period) ကို လက်မလွတ်စတမ်း မိမိရရ ဖမ်းပြီး လုပ်ဆောင်နိုင်လျှင် သမ္မတကြီး အာရုံပြု ဂရုစိုက်လှတဲ့ သာမန်ပြည်သူ ဆင်းရဲသား တရပ်လုံး ရဲ့ ဘဝ ရပ်တည်ရေး ကောင်းမွန်လာမည် ဧကန်မလွဲပါ။ ယိုးဒယားကို ဆင်းဆင်းရဲရဲ ကသီလင်တ၊ အနှိမ်ခံ သွား ရောက် အလုပ်လုပ်ကိုင်ရတဲ့ ဆင်းရဲသား အလုပ်သမား တွေရဲ့ဘဝမှ လွတ်မြောက်နိုင်ပါမည်။

ဒီမိုဒီမို တခဲနက်ကြို၊ မြင့်မြင့် ကြံစည် တို့ မြန်ပြည်၊ စည်းလုံးအင်အား လက်ကိုင်ထား၊ ကြွယ်ဝချမ်းသာ ပြည်သာယာ။