Wednesday, March 7, 2012

ဆောက်ဖြစ်မှ ကျောင်းဒကာ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကိုကြွေးကြော်ပြီး လူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သား အစိုးရသစ်ပေါ်ပေါက်လာပါပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်မှာ စစ်တပ်က အလိုအလျောက် အမတ်နေရာ ၂၅% ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာ အဓိပ္ပာယ်ကိုပြသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ စစ်ရေးကို အတော်အလေးထားတယ် ဆိုတဲ့သဘောပါဘဲ။ ဒါဟာလည်း ပြည်သူ့ဆန္ဒခံယူပြီး ဖြစ်ပေါ်လာတဲ့ အခြေခံဥပဒေအရ လုပ်ဆောင်တာမို့ ပြောစရာ အကြောင်းမရှိပါ။ အရေးကြီးတာက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာမှာ အပြောနဲ့ လက်တွေ့ကိုက်ညီဖို့၊ သဘောထားဖြူစင်ဖို့၊ သမာသမတ်ကျဖို့၊ နိုင်ငံခြားရေး ပေါ်လစီတွေမှာ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေနဲ့ တကယ် အလျင်းသင့်အောင် ပေါင်းသင်းဆက်ဆံနိုင်ဖို့၊ ဒါတွေအားလုံးကို ထင်သာမြင်သာ လက်တွေ့အကောင်အထည်ဖေါ်နိုင်ပါမှ (ဝါ) ဆောက်ဖြစ်မှ ကျောင်းဒကာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီက စရုံဘဲစတာရှိသေးတော့ ပီပြင်မပီပြင်ဆိုတာ ရှေ့ဆက် ဘယ်လိုလုပ်မယ်၊ ဘယ်လိုသဘောထားမယ်၊ ဘယ်လိုကိုင်တွယ်မယ်၊ သဘောထားချင်း တူညီသူကော မတူညီသူကော ဘယ်လို လက်တွဲပြီး all inclusive ပုံစံနဲ့ အပြုသဘော ခံယူကျင့်သုံးမယ်စတဲ့ အချက်တွေ အပေါ်မှာ မှီတည်နေပါတယ်။ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတဲ့ အတိုင်း လက်တွေ့ ဆောက်ဖြစ်မဆောက်ဖြစ် ဆိုတဲ့ အထိ စောင့်ကြည့်ဖို့လိုပါတယ်။ ကျွန်တော်ကတော့ ဆောက်ဖြစ်မယ်လို့ လုံးဝ ယုံကြည်ထားသူ အကောင်းမြင်ဝါဒီ တယောက် ဖြစ်ပါတယ်။ အားလုံးအောင်မြင် စေကြောင်း ဆုတောင်းလျက်ပါ။
ကျွန်တော်တို့ တတွေဟာ ပြည်တွင်းရေးသာမက နိုင်ငံတကာရေးပါ ထည့်စဉ်းစားဖို့နဲ့ အရေးထားဖို့လိုပါတယ်။ နွားကွဲရင် ကျားဆွဲမယ်ဆိုတာကို ကြပ်ကြပ်သတိထားရပါမယ်။ ကိုယ့် ညီအစ်ကိုမောင်နှမ အချင်းချင်း မည်သူက အနည်းငယ် သာသည် နာသည် တို့ကို တွက်ကပ်မနေဘဲ အချင်းချင်းကိစ္စတွေမှာ သဘောထားကြီးဖို့လိုပါတယ်။
ကိုယ့်အချင်းချင်း သဘောထားကြီးနိုင်ပါမှ စည်းလုံးညီညွတ်ရေး ရရှိနိုင်ပါမယ်။ စည်းလုံးညီညွတ်ပါမှ ပြည်ပက စိမ့်ဝင်တဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ပါမယ်။ ထိုဘေးအန္တရာယ်များကို စစ်တပ်ကြီးနဲ့ ကာကွယ်လို့မရပါ။ အခုခေတ်စကားနဲ့ ပြောရရင် ၎င်းတို့ကို အပျော့အင်အား (soft power) ဖြင့်သာ ကာကွယ် တားဆီးနိုင်ပါမည်။ တဖန် ထိုအပျော့အင်အားသည် စည်းလုံးညီညွတ်ခြင်းပေါ်မှာ ဖြစ်တည်နေပါသည်။ ထို့ ကြောင့် အားလုံးစည်းလုံး ညီညွတ်ကြဖို့ အရေးကြီးပါသည်။ ရေလိုက်ငါးလိုက်နေတဲ့စိတ်၊ ပေါ့ပေါ့တန်တန် နေတဲ့စိတ်၊ ရောကျော်လုပ်တဲ့စိတ်၊ ရေသာခို အချောင်နှိုက်တဲ့စိတ်တွေ ဖျောက်ဖို့လိုပါပြီ။

No comments:

Post a Comment