ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာမှာ...
ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာမှာ အလိုအပ်ဆုံး အရာဟာ ဒီမိုကရေစီစိတ်ဓာတ်ပါ။
ထိုဒီမိုကရေစီ စိတ်ဓာတ်ဖြစ်ပေါ်လာဖို့ ဒီမိုကရေစီ ကောင်းကြောင်း၊ ဒီမိုကရေစီစံနစ်သည်
အမှန်တကယ် တိုင်းပြည်နှင့်လူမျိုး၏ အကျိုးစီးပွားကို တိုးတက် ဖွံ့ဖြိုး ချမ်းသာစေနိုင်ကြောင်း
သိရှိနားလည် ယုံကြည်ဖို့လိုပါသည်။ ထိုသို့ သိရှိနားလည် ယုံကြည်လာအောင် စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့
မီဒီယာတွေကနေ တတပ်တအား ဝါဒဖြန့် လှုံ့ ဆော်ပေးဖို့၊ ပညာပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ
နိုင်ငံနဲ့ လူမျိုးကိုချစ်တဲ့ စိတ်နဲ့ ဒီမိုကရေစီစံနစ်ကို ချစ်မြတ်နိုးတဲ့စိတ် ရှိဖို့၊
သို့မဟုတ်မွေးမြူဖို့ လိုအပ်ပါတယ်။ အရာခပ်သိမ်း၏လှုံ့ဆော်မှုအင်အားသည် အချစ်မှ ဖြစ်ပေါ်လာသည်ဆိုသည့်
အချက်ကို ကောင်းစွာ သဘောပေါက်ဖို့လိုပါတယ်။ အချစ်ရှိမှ စေတနာ ဖြစ်ပေါ်လာမယ်၊ စေတနာရှိမှ
စိတ်စေတသိက် ဆိုတဲ့ လှုံ့ဆော်မှု အင်အား ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် အချစ်စိတ်သည် ပဓာနပါ။
သို့သော် ထိုအချစ်စိတ်သည် အတ္တဆန်ပြီး သေးသိမ်သော အချစ်မျိုး၊ မိမိ တကိုယ်ရည်ကိုဘဲချစ်သော၊
မိမိမိသားစု တစုတည်းကိုဘဲ ချစ်သောကဲ့သို့ ကျဉ်းမြောင်းတဲ့ အချစ်မျိုးမှ ရုန်းထွက်ပြီး
မိမိ ပတ်ဝန်းကျင်၊ မိမိနေထိုင်သော မြို့မှသည် အမိနိုင်ငံ တခုလုံးကိုချစ်သောစိတ် ဖြစ်လာဖို့၊
ပျိုးထောင်ပေးဖို့ လိုပါသည်။ ထိုပျိုးထောင်ပေးမည့် အင်အားသည် ပညာရေးနှင့် လူမျိုးတမျိုး၏
ဂေဟ စံနစ် ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ တတွေသည် ထိုဂေဟစံနစ် ဖြစ်တည်နေအောင်လုပ်ဖို့
လူတိုင်းမှာ တာဝန်ရှိပါသည်။ တာဝန်အရှိဆုံးကတော့ တိုင်းပြည်ကို အုပ်ချုပ် ဦးဆောင်နေတဲ့
အာဏာလက်ရှိ ခေါင်းဆောင်တွေဘဲ ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် အစိုးရဝန်ကြီးများမှသည်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များစသည်တို့ ဖြစ်ပါသည်။ ခေါင်လုံ မှ မိုးလုံနိုင်ပါမည်။
ဆိုလိုတာက ခေါင်သည် အရေးကြီးဆုံး ဖြစ်ပါသည်။
စေတနာမှန်တဲ့ အချစ်စိတ်ရှိခဲ့လျှင် ဆုံးဖြတ်ချက်တွေ မဲခွဲဆုံးဖြတ်
ချမှတ်ရာမှာ အမှားတွေ လျော့နည်းပြီး အမှန်တွေဘဲ ဖြစ်ဖို့ များပါတယ်။ အချစ်စိတ်နဲ့ စေတနာမှန်က
အကျိုးပေးမှာကိုး။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ ရာနှုံးပြည့်
အရင်းအနှီးဖြင့် ဝင်လာမည့် မြှုပ်နှံမှုမျိုးကို မတားဆီး တဲ့အပြင် သာ၍တောင် ကြိုဆိုရမည်ဖြစ်ပါသည်။
ကျွန်တော်တို့ ကန့်သတ် တားဆီးရမည့် အရာသည် Stock Exchange, Share Market တွေလို ငွေပူတွေနဲ့
ဝင်လာပြီး Market ကို ခြယ်လှယ် မွှေနှောက်နိုင်တဲ့ အရာမျိုးကို တားရမှာပါ။ အဲဒါက Stock
Exchange ဥပဒေတွေ သီးသန့် ရှိရမှာ ဖြစ်ပါတယ်။ ထုနဲ့ထည်နဲ့ အတည်တကျ စက်ရုံတည်၊ ကုမ္ပဏီဖွင့်မယ့်
လုပ်ငန်းတွေဟာ ငွေပင်ငွေရင်း (FE) မြောက်များစွာကို ကိုယ့်နိုင်ငံထဲသို့ ယူဝင်လာပြီး
ကိုယ့်နိုင်ငံအတွက် ငွေရင်းငွေနှီး လှည့်နိုင်ဖို့ များစွာ အထောက်အကူပြုမည့် လုပ်ငန်းများ
ဖြစ်ပါတယ်။ ဒါကိုမူလက ပြည်တွင်းဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်လို့ အခွင့်ထူးရနေတဲ့
အမျိုးသား အရင်းရှင်တစုက မိမိကိုယ်ကျိုး တခုတည်း ကိုဘဲကြည့်ပြီး ဟန့်တား ပိတ်ပင်နေရင်
စစ်မှန်တဲ့ ပြည်ချစ်စိတ်မဟုတ်ပါဘူး။ ငါ့ဘို့ တစ်ဘို့တည်း မကြည့်ဘဲ တမျိုးသားလုံး အကျိုးကိုကြည့်လျှင်
ထိုရင်းနှီးမြှုပ်နှံမှုမျိုးကို ကောင်းစွာ ဖိတ်ခေါ်သင့်ပါသည်။
ကျွန်တော်တို့နိုင်ငံကငယ်တော့ ကျွန်တော်တို့ လူမျိုးရဲ့ အတွေးနဲ့စိတ်သဘော
ကလည်း သေးငယ်နေပါတယ်။ ကမ္ဘာ့ဘဏ်က ထောက်ပံ့ကြေး US$ ၈၅ သန်းထောက်ပံ့မည် ဆိုတာမျိုးကိုခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပါသည်။ တရုတ်ကြီးလို အခုလတွေမှာ လစဉ်လစဉ် နိုင်ငံခြား
ငွေရင်းငွေနှီးတွေ US$ ၅၀ ဘီလီယံ နှုတ်ထွက် သွားနေတာမျိုး ကြုံရင် ဘယ့်နှယ် လုပ်မလဲ။
လစဉ် ၅၀ဘီလီယံဆိုတာ တနှစ်ဆိုလျှင် ၆၀၀ဘီလီယံ၊ နှစ်နှစ်ဆိုလျှင် ၁.၂ ထရီလျံ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကငယ်တယ်ဆိုပေမဲ့ တောင်ကိုရီးယားထက်များစွာကြီးပါတယ်၊
စင်ကာပူ မလေးရှားထက်လည်း များစွာ ကြီးပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား
တို့ထက်တော့ တိုးတက်သင့်ပါတယ်၊ ချမ်းသာသင့်ပါတယ်။ ထိုသို့တိုးတက်အောင် ကိုယ့်နိုင်ငံအဆင့်နဲ့
ကိုက်ညီတဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ အတွေးတွေရှိဖို့ လိုပါတယ်။
No comments:
Post a Comment