ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို
ဘုရင့်နောင်စစ်ဆင်ရေးနဲ့ ရန်ကြီးအောင်စစ်ဆင်ရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဦးစီး စစ်ဆင်တိုက်ခိုက်ခဲ့တဲ့
သူရဲကောင်းကြီးလို့ဘဲ ကျွန်တော်ငယ်စဉ်ကသိထားတာပါ။ အဲဒီတုန်းက လေတပ်ဗိုလ် ဗိုလ်ပီတာတို့
ကျဆုံးခဲ့တာကိုလည်း ၀မ်းနည်းစွာမှတ်မိပါတယ်။ ကျွန်တော်အခုအသက်၆၄နှစ်ရှိပါပြီ။ ကျွန်တော့်မိဘဦးလေး
အရွယ်ရှိတဲ့ မြန်မာ့ စစ်သူရဲကောင်း၊ စစ်ခေါင်းဆောင်ကောင်း၊ ရဲဘော်သုံးကျိပ်ဝင် လွတ်လပ်ရေး
ခေါင်းဆောင်ကောင်း၊ ကိုလိုနီတော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ကောင်း၊ ဆင်းရဲသား
ကျောမွဲလူတန်းစား၊ အလုပ်သမား လူတန်းစား လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့
လူထု ခေါင်းဆောင်ကောင်း တဦးကွယ်လွန်သွားသည့်အတွက် ၀မ်းနည်းတသ ဖြစ်ရပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ကွန်မြူနစ်နဲ့ ဒီလောက်ပတ်သက်ခဲ့တာ၊ ကွန်မြူနစ် ဗဟို ကော်မတီဝင် တောင်ဖြစ်ခဲ့ဘူးတာကိုတော့ အခု သတင်းကိုဖတ်ရမှသိရပါတယ်။ ၁၉၇၀ခုနှစ် ပတ်ဝန်းကျင်လောက်က သူ ဗကပနဲ့ အနည်းငယ်ပတ်သက်ကြောင်း သတင်းသဲ့သဲ့ ကြားဘူးပါတယ်။ ဦးလေး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ အားမရစရာဖြစ်ခဲ့ရတဲ့ အချက်ကတော့ အဲဒီ ကွန်မြူနစ်နဲ့ပတ်သက်ခဲ့ပြီး ကွန်မြူနစ်တွေလုံးဝကျဆုံး ပြိုကွဲသွားတာကို သူမျက်မြင်ကိုယ်တွေ့ တွေ့သွားရတဲ့ အချက်ပါဘဲ။ သူရဲကောင်း (Hero) တယောက်အဖို့ ကိုယ်ယုံကြည်ခံယူခဲ့တဲ့ သဘောတရား၊ အရေးတော်ပုံကြီး ပျက်ပြားသွားတာထက်ပိုပြီး စိတ်ထိခိုက်စရာ အကြောင်းမရှိတော့ပါဘူး။ သူ့ရဲ့ နောက်ပိုင်း အသက်အရွယ်မှာ သူယခင်က ရွှေသမင်အလိုက်မှားလို့ လိုက်ခဲ့တဲ့ လမ်းစဉ်အတွက် နောင်တရမိမှာတော့ သေချာပါတယ်။
ကွန်မြူနစ်စံနစ်ဟာ လူတွေကိုများစွာဒုက္ခပေးခဲ့ပါတယ်။ ကွန်မြူနစ်စံနစ်နဲ့ ကွန်မြူနစ်ဝါဒရဲ့ မဟာ အမှားနဲ့ မဟာ ညံ့ဖျင်းချက်ဟာ အပြောနဲ့ အဟော မကိုက်ညီဘဲ အပြောတမျိုး လက်တွေ့တခြား လုပ်ခြင်းပင်ဖြစ်ပါသည်။ ကွန်မြူနစ်သီချင်းထဲကလို International ဒိဋ္ဌ အောင်ရမည်လေးဘာလေး၊ ကယ်တင်ရှင်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးဘာညာနဲ့ (ကွန်မြူနစ်ကသာ ကယ်တင်နိုင်သယောင်ယောင်)၊ အဲသည့်ကွန်မြူနစ်တွေကဘဲ နောက်ဆုံးမှာ မဟာ လူလိမ်ကြီးတွေလုပ်သွားတာ၊ ပြန်လည်ပြင်ဆင်ရေးဝါဒနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားပြီး မိမိ လူတန်းစားရဲဘော်များကိုသစ္စာဖောက်လျက် ရောင်းစားသွားတာ ကွန်မြူနစ်ရဲ့ မဟာအမှားကြီးပါဘဲ။ (ဒီအထဲမှာ ဦးကျော်ဇောတို့မပါပါ။ ဦးကျော်ဇောတို့သည် အင်မတန်တည်ကြည်ဖြောင့်မှန်သူဖြစ်ပြီး ကွန်မြူနစ်ဝါဒ၏ အလိမ်ခံလိုက်ရသည့် သားကောင်များသာဖြစ်သည်ဟုယူဆရပါမည်။) ကွန်မြူနစ်စံနစ်ကို နောက်ဆုံးဝါးမျိုသွားတာကတော့ ကွန်မြူနစ်များသည် ကွန်မြူနစ်ကျင့်စဉ်ကိုတကယ် မကျင့်ကြံမလိုက်နာနိုင်တော့ဘဲ အရင်းရှင်စံနစ်ကသာ သာလွန်သည်ဟု ၀န်ခံအရှုံးပေးပြီး ကွန်မြူနစ်စံနစ်မှ အရင်းရှင်စံနစ်သို့ ပြင်ဆင်ပြောင်းလဲသည့် ပြန်လည်ပြင်ဆင်ရေးလမ်းစဉ်ကို လိုက်ကြခြင်းဖြင့် ကွန်မြူနစ်စံနစ်ကြီးတခုလုံး ပြိုလဲပျက်စီးရခြင်းပင်ဖြစ်ပါသည်။ ဘာလင်တံတိုင်းကြီး ပြိုလဲပျက်စီးသွားပါပြီ။ မြန်မာပြည်ဗကပလဲ အမွှေးတပင်မျှမကျန် ကြက်ပျောက်ငှက်ပျောက် ပြိုလဲပျက်စီးသွားပါပြီ၊ သူ့ဆရာ တရုတ်ကြီးလည်း သူ့ကိုယ်ကျိုးဘဲသူကြည့်လို့ ဗကပကို အသုံးချခံလုပ်ပြီး ရောင်းစားသွားပါသည်။ ဆိုဗီယက်ရုရှားလည်း မရှိတော့ပါ။ မာ့က်စ်လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်လည်း ပြန်လည်ပြင်ဆင်ရေး အတွေးအခေါ်တွေနဲ့ ခိုးကြောင်ခိုးဝှက် အလဲခံလိုက်ရပါပြီ။ အခုသူခေါင်းချသွားသည့် ကွန်မင်မြို့သည်ပင်လျှင် ကွန်မြူနစ်အမည်ခံ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်(အရင်းရှင်လမ်းစဉ်)၏ "ဘူမိနက်သန်" ဖြစ်ပါသည်။ ကိုယ့်အမိမြေမှာ ခေါင်းချမသွားရတာ အင်မတန် ၀မ်းနည်းစရာကောင်းပါသည်။ နောင်တနေ့ အရိုးပြာမှုန့်များကို ကိုယ့်အမိမြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး ဂူဗိမာန်ကောင်းကောင်းဆောက်ကာ ဂါရ၀ အပြုခံသင့်ပါသည်။
May you rest in peace and Heaven.
May you bid farewell to the fallen Communism.

No comments:
Post a Comment