အခုတလော စာမရေးတာ ကြာပြီ။
တကြောင်းကတော့ အချိန်မရလို့၊ နောက်တကြောင်းကတော့ ကွန့် မြူးဉာဏ် မပေါ်လို့ပါ။
ကွန့်မြူးဉာဏ်ဆိုတာ လှုံ့ဆော်မှု တခုခု ဖြစ်မှ ဖြစ်ပေါ်လာတာပါ။ စိတ်စေတနာ ရှိမှလည်း
ဖြစ်ပေါ်လာတာပါ။ အသက်၆၅နှစ် ထဲဝင်လာတဲ့ လူအို တယောက်အနေနဲ့ အလကားနေရင်း လျှာရှည်ပြီး
စာတွေမရေးပါဘူး။ ကိုယ့်အမိနိုင်ငံ တကယ် တိုးတက်ဖွံ့ဖြိုးစေချင်တဲ့ စိတ်စေတသိက်
မရှိဘဲ အလကား စာမရေးပါဘူး။ ဒီတော့ လိုရင်းတည့်တည့် ပြောမယ်၊ အခုတလော ကျွန်တော်တို့
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေဟာ ထူးခြားလှပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ
အတွက် တာစူ နေတယ်လို့ ဆိုရမှာပါ။ ဒီနေရာမှာ ဘယ်အင်အားက အားသာလို့ အနိုင်ရနိုင်တယ်၊
အခြေခံဥပဒေက ဘယ်လိုဖြစ်လို့ ဘယ်လို ပြုပြင် သင့်တယ် ဆိုတာတွေ ငြင်းခုံ
ဆွေးနွေးနေကြတာတွေကို ကြားနေမြင်နေရပါတယ်။ အရေးထဲ ယိုးဒယား မှာ အတိုက်အခံပါတီက
ဦးစီးပြီး ဆန္ဒပြမှုတွေလုပ်နေလို့ ထိုဂယက် ကျွန်တော်တို့ နိုင်ငံကိုကူးလာမှာလည်း
စိုးရိမ်ရပါတယ်။ ယိုးဒယား ကတော့ ဒီမိုကရေစီ နိုင်ငံ ပီသတာမို့ ထိုသို့ ဆန္ဒပြမှုများ
မကြာခဏ ဖြစ်တာ မဆန်းတော့ပါဘူး။ မိတ်ဆွေတစ်ယောက်နဲ့ လဘက်ရည် သောက်တုန်း ထိုအကြောင်း
ပြောကြတော့ ထိုမိတ်ဆွေ က ဆန္ဒပြသူတွေက အကြမ်းဖက်ပြီး ဘယ်ရုံးခန်းကို
ထိုးဖောက်ဝင်လို့၊ ဖျက်ဆီးလို့ဆိုပြီး ထိုဆန္ဒပြမှုကို ပြစ်တင် ရှုတ်ချပါတယ်။
ကျွန်တော်ကတော့ ဒီမိုကရေစီ လက္ခဏာ တခုအနေနဲ့ ထောက်ခံချီးကျူးပါတယ်။ ဒီလို ဥပဒေအရ
လွတ်လပ်စွာ ဆန္ဒပြခွင့် ရှိလို့ အစိုးရ အရာရှိကြီးတွေ လာဘ်စား ခြင်းမှ တားဆီး၊
ကာကွယ်၊ လျော့နဲစေနိုင်တာပါ လို့ ကျွန်တော်က ပြောပါတယ်။
ရှေးပဒေသရာဇ်ခေတ်တုန်းကတော့ ဒီလိုဒီမိုကရေစီ အခွင့်အရေးမျိုး ဘယ်ရှိပါ့မလဲ။
ခေတ်ကတိုးတက်လာလို့ ဒီလိုစနစ်မျိုး ရရှိကြတာပါ။ ဒီမိုကရေစီဆိုတာ လူထု အင်အားနဲ့
Balance of power လုပ်သွား ချင်းဖြစ်ပါတယ်။ ဘယ်အင်အားမဆို ကွင်းလုံးကျွတ်
အထိန်းအကွပ် မရှိ လွှတ်ထားလို့ မရပါဘူး။ balance ဖြစ်အောင် ပြန်ထိန်းရပါတယ်။
သို့မှသာ အစွန်းမရောက်ဘဲ တည်ငြိမ်အေးချမ်း ငြိမ်းချမ်းနိုင်ပါမယ်။ လူထုကြီးဟာလည်း
ထိုသို့ ဆန္ဒပြ ရင်ဖွင့်ခွင့်ရမှ သူတို့ရဲ့ နစ်နာမှု၊ ဒုက္ခရောက်မှု တွေကို
ဖေါ်ထုတ်ခွင့် ရပြီး ဒေါသ ပေါက်ကွဲမှု၊ အစွန်းရောက်မှု တို့မှ ကင်းဝေးနိုင် ပါမယ်။
အကြမ်းဖက်၊ နှောက်ယှက် ဖျက်ဆီး မှုတွေပါလာရင် ထိုလူတွေကို ဥပဒေအရ ဖမ်းဆီး
အရေးယူနိုင်ပါတယ်။ အခုလိုသိပ္ပံပညာ ထွန်းကားတဲ့ မျက်မှောက်ခေတ်ကြီးမှာ ဗီဒီယို
ကင်မရာတွေနဲ့ ထပ်ချပ်ရိုက်ကူးပြီး သက်သေယူထားလို့ ရပါတယ်။ ကိုင်ရတွယ်ရလွယ်ပါတယ်။
အရေးကြီးဆုံး အချက်က ဒီမိုကရေစီဆိုတဲ့မြင့်မြတ်ကောင်းမွန်တဲ့ ကျင့်ထုံးကျင့်နည်း
ကို အားလုံး တကယ်လိုက်နာ ပြုကျင့် ကြဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမိမြန်မာ
နိုင်ငံတော်ကြီး တကယ်လိုအပ်နေတာက ကောင်းမွန်တဲ့စနစ်နဲ့ ကောင်းမွန်တဲ့ ကျင့်စဉ်ဘဲ
ဖြစ်ပါတယ်။ ၎င်း စနစ်နဲ့ ကျင့်စဉ်သည်သာလျှင် ထာဝရ ဖြစ်ပါတယ်။ ဦးနေဝင်း ခေတ်တုန်းက
ဆိုရှယ်လစ်စနစ်ကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ စမ်းတဝါးဝါး ရှာဖွေစမ်းသပ်ခဲ့ပြီး
ပါပြီ၊ မရမှန်းသိလို့ ဦးနေဝင်းက နောက်ဆုံးမှာ ပါတီစုံ ဒီမိုကရေစီ စနစ် အထိ
ဖွင့်ပေးပြီး ပြုပြင် ပြောင်းလဲ ရေးတွေလုပ်ဖို့ ညွှန်ကြား ဆော်သြခဲ့တယ် မဟုတ်ပါလား။
သို့ သော် အကြောင်းမသင့် အဆင်မပြေ၊ လူမညီလို့ ကျွန်တော်တို့ မှာ သမိုင်း
တပတ်လည်ခဲ့ ရတယ် မဟုတ်ပါလား။ အခုတော့ ကျွန်တော်တို့ တတွေဟာ မှန်ကန်တဲ့ ဒီမိုကရေစီ
လမ်းကြောင်းပေါ်သို့ ကမ္ဘာသိ ကြေငြာ ပြီး ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာပြီမို့
ထိုအောင်မြင်မှု ရလဒ်ကို တန်ဖိုးထားပြီး ဥစ္စာရင်လို ဥစ္စာရင်ခဲ ထိန်းသိမ်း
စောင့်ရှောက်ဖို့၊ ဝိုင်းဝန်းပံ့ပိုး ကူညီဖို့ လိုအပ်ပါတယ်။ အစိုးရဘက်ကလည်း အသာစီး
ရပြီးသား လူ ဖြစ်တာမို့ သဘောထားကြီးကြီး ပြုလုပ်သင့်ပါတယ်။ လူထုကြီး အပေါ် မင်းစိုးရာဇာ
ရဲ့ ဗြဟ္မစိုရ် တရား ပွားများသင့်ပါတယ်။ သို့မှသာ ထိပ်တိုက်ရင်ဆိုင်မှု
များမှကင်းဝေးပြီး ငြိမ်းချမ်း ညီညွတ် သွေးစည်းသော အောင်မြင်မှုကို ရရှိနိုင်ပါမည်။
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ အယူအဆ၊ မှန်ကန်တဲ့ စနစ်၊ မှန်ကန်တဲ့ ကျင့်စဉ်နဲ့
မှန်ကန်တဲ့ ဖွဲ့စည်းပုံ အသိုက်အမြုံ ပုံစံသည်သာလျှင် ထာဝရ ဖြစ်ပြီး လက်ငင်း
တကိုယ်ရည် အကျိုးတို့သည် တဒင်္ဂ မျှသာ ဖြစ်ပါသည်။
Tuesday, December 3, 2013
Thursday, April 11, 2013
ပညာဖြင့် နိုင်ငံတော်ကို တည်ဆောက်စို့
News-eleven မှာ ဒေါက်တာ ခင်မောင်ညို ရဲ့ ဆောင်းပါးကို ဖတ်ရလို့
ကျွန်တော့်ဘဝင်မှာ ပဲ့တင်ထပ် ဖြစ်ကာ အခုလို ကွန်းမင့် တွေကို ရေးခဲ့တာကို
မျှဝေခံစား နိုင်ရန် တင်ပြအပ်ပါသည်။
ကျက်သရေရှိလှတဲ့ နှစ်သစ်ကူး မြန်မာ့သင်္ကြန်မင်္ဂလာ
အခါသမယကိုရောက်ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော်ကြီး သာယာဝပြော
တိုးတက်ဖွံးဖြိုးပါစေလို့ စေတနာကောင်း မေတ္ထာ အစစ်အမှန်နဲ့ ဆုတောင်းလိုက်ပါတယ်။
အမိနိုင်ငံကိုချစ်ချစ်လွန်းလို့ နိုင်ငံခြားမှာ အဆပေါင်း ၃၀-၄၀ ပိုရတဲ့ လစာ
ဝင်ငွေတွေကိုမမက်ဘဲ ကိုယ့်အမိနိုင်ငံကို ပြန်လာပြီး အဆင်းရဲခံ အငတ်ခံ
အကျိုးပြုလုပ်ငန်းတွေလုပ်နေတာပေါ့။ အခု ကျွန်တော်တို့ အမိနိုင်ငံတော်ကြီးဟာ
ဒီမိုကရေစီ အပြောင်းအလဲ = ခေတ်ပြောင်းတော်လှန်ရေးကြီးကို လုပ်ဆောင်နေတဲ့
အချိန်ဖြစ်ပါတယ်။ (တော်လှန်ရေး လို့ ပြောလို့ လန့်မသွားကြပါနဲ့။ ကျွန်တော်ပြောတဲ့
တော်လှန်ရေးဆိုတာ ပညာဝေါဟာရ၊ ပညာရှင်အသုံးအနှုန်း ဝေါဟာရဖြစ်ပါတယ်။ လက်နက်ကိုင်
ဓားကိုင် ထချမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စာတတ်သူ ပညာရှိတိုင်း
တော်လှန်ရေးဆိုတဲ့ ဝေါဟာရ ရဲ့ အကျယ် အနက် အဓိပ္ပါယ်ကိုသိကြပါတယ်။ ဥပမာ စက်မှု
တော်လှန်ရေး၊ နည်းပညာတော်လှန်ရေး ဆိုတာလည်း တော်လှန်ရေးပါဘဲ။ တော်လှန်ရေးဆိုတဲ့
စကားလုံးလေးကြားရုံနဲ့ လန့်ဖြန့်သွားရင် ဘယ်လိုလုပ်ပြီး နက်နဲတဲ့ သိပ္ပံပညာရေးတွေ၊
Science တွေကို ဆွေးနွေးပြီး ကျမ်းဂန်တွေ ပြုစုနိုင်မှာလဲ၊ ကျမ်းဂန် ကောင်းတွေ
မပြုစု မရေးသား မစုဆောင်းနိုင်လျှင် တိုင်းပြည်ရဲ့ ပညာရေးအဆင့်ကို ဘယ်လိုလုပ်ပြီး
မြှင့်တင်နိုင်မှာလဲ။) ဒီလိုထူးခြားတဲ့ အချိန်အခါ မင်္ဂလာတော် အခါသမယမှာ
ကျွန်တော်တို့ မြန်မာပြည်သူအားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး စည်းလုံးညီညာ
အောင်ကြောင်း ဖြာဆိုတဲ့ ဆောင်ပုဒ်အတိုင်း စည်းစည်းလုံးလုံး အားယူလုပ်ဆောင်ရမယ့်
အချိန်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလျှင် ကိုယ့်အိတ်ကပ်ကိုယ်နှိုက်၊
ကိုယ့်စရိတ်ကိုယ်စိုက်ပြီး တိုင်းပြည်တိုးတက်စေဖို့ တတပ်တအား နေ့စဉ် အကြံ
ကောင်းကွန်းမင့်တွေ လာရေးနေသူ ဖြစ်ပါတယ်။ ဒေါက်တာခင်မောင်ညိုရဲ့ ဆောင်းပါးကို
နှစ်သက်လွန်းလို့ ထောက်ခံအားပေးတဲ့ အနေနဲ့ ကွန်းမင့် ထည့်ရေးခြင်းဖြစ်ပါတယ်။
(ကျွန်တော့သမီးဆိုလည်း USMLE တို့ Britain London က ** Certificates တွေကို
ရရှိထားတဲ့ ဆရာဝန်ဒေါက်တာပါဘဲ။ သားတွေလည်း RITဘွဲ့ရ အင်ဂျင်နီယာ၊
ကွန်ပျူတာပါရဂူတွေပါဘဲ။) ဒေါက်တာက ပညာနဲ့ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ Core
idea နဲ့ ဒေါက်တာ့ ဆောင်းပါးကို ရေးလိုက်တော့ ကျွန်တော့ဘဝင်နဲ့
ထပ်တူထပ်မျှဖြစ်လို့ ကျွန်တော့် စိတ်ထဲမှာ ပဲ့တင်ထပ် ဖြစ်သွားပါတယ်။ ပညာနဲ့
တိုင်းပြည်ကိုတည်ဆောက်ကြမယ် ဆိုတော့ ပညာနဲ့ ပတ်သက်လာရင် သဘောထားကြီးဖို့၊ ဆွေးနွေး
ဝေဖန်ပြုနိုင်၊ ခံနိုင်ကြဖို့၊ အမှန်တရားကို ပကတိ အမှန်တရား အဖြစ် ဝေဖန်သုံးသပ်
လက်ခံနိုင်တဲ့ Scientific ကျတဲ့ ဥာဏ်ပညာ ရှိဖို့၊ သတ္တိရှိဖို့လိုအပ်ပါတယ်။ သိပ္ပံပညာရှင်
ကိုပါးနီးကပ်စ်ဟာ နေက ကမ္ဘာကြီးကို ဗဟိုပြုပြီး လည်ပတ်နေတာ မဟုတ်ဘဲ ကမ္ဘာကြီးနှင့် အခြားဂြိုလ်များက နေကို ဗဟိုပြုပြီး လည်ပတ်နေတယ် ဆိုတာကို စတွေ့ရှိတုန်းက ခရစ်ယာန် အယူသည်းသမား
တွေက လုပ်ကြံမှာ ကြောက်သော်လည်း သူ သေဆုံးခါနီးမှာ ထို scientific discovery ကို ထုတ်ဖေါ် ကြေငြာသွားခဲ့ပါတယ်။ ဒါ လူသားတွေအတွက် တကယ့် အမှန်တရားကို ရဲရဲရင့်ရင့်
ကာကွယ် စောင့်ရှောက် ဖေါ်ပြသွားတာပါ။ ကင်ဆာရောဂါကုရာမှာဘဲ ဖြစ်ဖြစ်၊ H7N9, H5N1
စတဲ့ Bird Influenza တွေကိုကုရာမှာဘဲ ဖြစ်ဖြစ် ဒီလို Scientific ကျတဲ့ ရဲရင့်
ပြတ်သားမှုတွေ ရှိဖို့လိုပါတယ်။ ကျွန်တော်ဟာ အခု အသက် ၆၅ ရှိတဲ့ ကင်ဆာ ရောဂါသည်
(Rectal Cancer = Rectal adenocarcinoma တတိယအဆင့်-Dukes' C2 ) ဖြစ်ပါတယ်။ ငယ်စဉ်တောင်ကျေးဘဝ
(ပုဂံညောင်ဦးဇာတိ) ကတည်းက ပညာကို အထူးချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ရှေ့ ခေတ်က
အသုံးမကျ တဲ့ အစိုးရကြောင့် ကျွန်တော့လို လူရည်ချွန်ထက် ဆယ်ဆ မက တော်တဲ့
လူတော်ကျောင်းသားကို ကျောင်းမှ ထုတ်ပယ်ပစ်လိုက်ပါတယ် (ဗိုလ်ချုပ်ကြီးနေဝင်း၊
ဗိုလ်မှူးကြီး လှဟန်ခေတ်ကပေါ့)။ သို့သော်ငြားလည်း ပညာကိုမြတ်နိးပြီး
တိုင်းပြည်ကိုချစ်တတ်တဲ့ ပကတိ အချစ်စိတ်ရှိတဲ့ ကျွန်တော်ဟာ အချစ်မျိုးစေ့တွေကို
အိနြေ္ဒ မပျက် ဆက်လက် ပျိုးချလျက်ပါဘဲ။ မည်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့ ကအဓိက
မဟုတ်ပါလား။ ပညာရေးရှုထောင့်ကနေ ဆွေးနွေးမယ်ဆိုရင် "မည်သူတရားပျက်ပျက်
ကိုယ်မပျက်ဖို့က အဓိကပါ" ဆိုတဲ့ အဆိုဟာ truth ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ
သက်သေအထောက်အထား တွေနဲ့ တခမ်းတနား ဆွေးနွေးရမယ့် Proposition ဖြစ်ပါတယ်။
အခုကျွန်တော် ကွန်းမင့်ရေးတဲ့ ရည်ရွယ်ချက်က မိကျောင်းမင်း ရေခင်းပြ နေတာ မဟုတ်ပါဘူး။ ဒီနေ့ဟာ သင်္ကြန် အလုပ်အားရက်မို့ အချိန်ပိုရလို့ စကေားကြော ရှည်ရခြင်းဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒေါက်တာ ခင်မောင်ညိုရဲ့ Idea ကို နှစ်သက်လွန်းလို့ ဒေါက်တာ့ဆီက ပိုကောင်းတဲ့ အသိပညာ တွေကို ဆက်လက်ရယူချင်၊ ဖတ်ရှုချင်လို့ ရေးနေခြင်းဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းတရားသည် အကောင်းဆုံးပါ။ ကျွန်တော် အကြောင်းမဲ့ ကျောင်းထုတ်ခံရပေမဲ့ အဲသည့် ကျောင်းထုတ်တဲ့ အစိုးရကိုဘဲ Rhetoric Euphoria လုပ်တဲ့ မဲဆွယ်ရေး လှုံ့ဆော်ပွဲတွေမှာ ကျွန်တော် ဦးစီးပြီး မဲဆွယ်သီချင်းတွေ သီကုံး ဖွဲ့ဆို တီးမှုတ် ဆော်သြခဲ့ပါတယ်။ ဥပမာ- " ပြည်သူ့ကိုယ်စားလှယ်-တို့ရဲ့ ကိုယ်စားလှယ်။ နိုင်ငံရဲ့ အကျိုးနှင့်- ပြည်သူရဲ့ အကျိုးကို--ကိုယ်စားပြုတဲ့- ပြည်သူ့ကိုယ်စားလှယ်---မြန်မာ့ ဆိုရှယ်လစ်၊ လမ်းစဉ်ပါတီ ဦးဆောင်မှုကို လေးလေးနက်နက်၊ ခံယူကျင့်သုံးတဲ့၊ ပြည်သူ့ကိုယ်စားလှယ်---" လို့ ရေးစပ်သီကုံး ရင့်ကျူး ခဲ့ပါတယ်။ ဒါဟာ ခွင့်လွှတ်ခြင်း၊ သီးခံခြင်းတရားကို ဖေါ်ပြတာပါ၊ ထို့အတွက် ကျွန်တော့်မှာ ကုသိုလ်တွေရရှိပါတယ်။ ကျွန်တော်က တရုတ်စာ တတ်တော့ တရုတ်အကြောင်း ကောင်းကောင်း နောကြေတာပေါ့။ ဒါကြောင့်လည်း မော်စီတုန်း အကြောင်းတွေ ကောင်းကောင်း ရေးနိုင်တာပေါ့။ ကျွန်တော်တို့ နိုင်ငံ တကယ်တိုးတက်ချင်ရင် ပညာဗဟုသုတကို သူ့ ပကတိ ပညာ အဖြစ်သဘောထားပြီး နှိုက်နှိုက်ချွတ်ချွတ် ဖင်အဆုံး ခေါင်းအဆုံး တတ်သိ အောင်လေ့လာဖို့လိုပါတယ်။ ဒေါက်တာတို့ သင်တန်းအစက ဖားကလေးတွေကို ကလေးကစားသလို ဖင်ဆုံး ခေါင်းဆုံး ခွဲစိပ် လေ့လာ သလိုပေါ့။ တရုတ်ကြီး အကြောင်းကို သူ့ ရာဇဝင်သမိုင်းက အစ ဖင်ဆုံး ခေါင်းဆုံး နှိုက်နှိုက်ချွတ်ချွတ် သိမထား ရင် တရုတ်ကြီးက ကျွန်တော်တို့ ဗမာ ကို ရောင်းစားတာ ခံသွားရမှာပေါ့။ ဗကပတွေဆိုရင် ဒီလို မသိဘဲ တတ်ယောင်ကားလုပ်ခဲ့ လို့ တရုတ်ကွန်မြူနစ်တွေရဲ့ ရောင်းစားခြင်းကို ခံလိုက်ရပြီး တတပ်လုံး တဆွေလုံး တဖွဲ့လုံး ကျဆုံး ပျက်စီးသွားရတာပေါ့။ အခုအချိန်မှာ လည်း တရုတ် ကွန်မြူနစ် အလိုတော်ရိ၊ တရုတ် ခြေသလုံးဖက် ခရိုနီ အခွင့်ထူးခံ လူတန်းစား ဗကပ လက်သစ် (Neo-BCP) တစုဟာ တရုတ်ကြီးအကြောင်း ကို ဖင်ဆုံး ခေါင်း ဆုံး မသိဘဲ ကပ်ဖားယပ်ဖားလုပ်နေလို့၊ မြွေပွေး ခါးပိုက်ပိုက်မိတဲ့ အခြေကို ရောက်လို့ ရောက်မှန်းမသိ ရောက်နေရပါတယ်။ ဒါတောင် အိပ်မက်က လန့်လန့်နိုးပြီး " ဗကပရန်၊ ဗကပရန်! " လို့ မိမိကိုယ်ကို မိမိ ကယောင် ချောက်ချား ထထ အော် နေသေးတယ်။ ဟာသပါဘဲ။ ဦးနေဝင်းတုန်းကတောင် သည်လောက်မအ ခဲ့ဘူးဘူး။ အခုဟာက ၂၁ ရာစု ခေတ်သစ်၊ သိပ္ပံခေတ်၊ i-phone ခေတ်၊ i-pad ခေတ်၊ tablet computer ခေတ်၊ Digital ခေတ်ကို ရောက်နေပါပြီ၊ ခေတ်ကိုမှီအောင် လိုက်ဖို့လိုပါသည်။ ကျွန်တော်ရေးထားတဲ့ facebook ဆောင်းပါးထဲမှာ တရုတ် ရှေး ပညာရှိကြီး ကွန်ဖြူးရှပ် တောင် tablet computer ကို ကြည့်ပြီး ဖတ်ပြီး လန့်ဖြန့်ကာ ခြေကုန်သုတ် ထွက်ပြေး သွားပါတယ်။ မော်စီတုန်းတောင် ခေတ်သစ် ပြန်လည်ပြင်ဆင်ရေးသမား တွေကို မလှန်နိုင်လို့ သင်္ချိုင်းအုတ်ဂူထဲကနေ ထအော်ရပါတယ် လို့ ဆိုထားပါတယ်။ လက်ရှိကမ္ဘာကြီးဟာ အနောက်တိုင်း အရင်းရှင် ဒီမိုကရေစီ စနစ်က ဘက်စုံ အလုံးစုံ အောင်ပွဲခံနေတဲ့ ခေတ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာရှိတွေအားလုံး ဒီ ခေတ်သစ် ဒီလှိုင်းကြီးကို အောင်အောင်မြင်မြင် စီးနင်း လိုက်ပါ ရင်း အမိနိုင်ငံတော် ရဲ့ ခေတ်မှီတိုးတက် ဖွံ့ဖြိုးရေး အရေးတော်ပုံကြီး ကို ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲ ခံနိုင်ပါစေ လို့ လတန်ခူး နှစ်ဦးအစပ်မှာ ဆုထူးဆုမြတ်တွေ တောင်းရင်း နိဂုံး ချုပ်အပ်ပါသည်။

Friday, April 5, 2013
ပညာဂုဏ်မြင့်က နိုင်ငံ့ဂုဏ်တင့်မည်
Eleven News မှာ ဒေါက်တာ ခင်မောင်ညိုရဲ့ ဆောင်းပါးကိုဖတ်ရလို့ ခံစားချက်များကို
အခုလို comment ပေးလိုက်ပါသည်၊ မျှဝေခံစား ကြရန်-(Please refer to www.news-eleven.com
ရဲ့ ဆောင်းပါးကဏ္ဍ)---
ဒေါက်တာ ဦးခင်မောင်ညိုရဲ့ဆောင်းပါးကို ဖတ်ရတာ Positive အကျိုးတွေများစွာရရှိပါတယ်။ ပြီးခဲ့တဲ့ ဆောင်းပါး "Who's Responsible?" ကိုလည်း ကြိုက်နှစ်သက်စွာ ဖတ်ရပါတယ်။ ဒေါက်တာ ခင်မောင်ညိုရယ်လို့ စာ အုပ်တွေလည်း များစွာ ထုတ်တာ သိရှိရပါတယ်။ ဒေါက်တာ့ အဆင့်နဲ့ ဆိုလျှင် အစိုးရ အကြံပေးအရာရှိအဆင့် တွေမှာ တာဝန်ယူလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒေါက်တာ့ရဲ့ ဆောင်းပါးကိုယ်၌က ပညာတွေကို ကောင်းစွာပေးနေပြီ ဖြစ်ပါတယ်။ မှန်ပါတယ်။ ယ္ခု လက်ရှိ ၂၁ ရာစုခေတ်မှာ ပညာသည် အရေးကြီးဆုံး၊ အစွမ်းထက်မြက်ဆုံး လက်နက်ဖြစ်ပါတယ်။ ဒေါက်တာရဲ့ ဆောင်းပါးအစမှာ Dean Kaman ကိုကိုးကားပြီး ပြောပြောသွားတာ တွေ့ရပါတယ်။ ဒေါက်တာ ကိုးကား တာဖတ်ရလို့ Dean Kaman ကို ကျွန်တော် လွန်စွာ ကြိုက်နှစ်သက်ပါတယ်။ စကြာဝဠာ တခုလုံးကို ဖောက်ထွင်းသိမြင်နိုင်တဲ့ သဗ္ဗေညုတဥာဏ်မျိုးရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုထိုက်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာရယ်၊ ဆရာ့ စာထဲမှာ ဆရာ စကားကို ကုန်အောင်မပြောဘူးလို့ ကျွန်တော်ခံစား ရပါတယ်။ စကားဆိုတာ ကုန်အောင်ပြောရတဲ့ အရာ မဟုတ်မှန်းတော့ ကျွန်တော်လည်းသိပါတယ်။ သို့ သော် ကျွန်တော်ခံစားရတာကို တင်ပြတာပါ။ ဒီစကြာဝဠာတခုလုံးမှာရှိတဲ့ အလုံးစုံသော သက်ရှိသက်မဲ့ အရာဝတ္တုများသည် တခုကိုတခု အပြန်အလှန် မွေးဖွားခြင်းနှင့်တိုက်ခိုက်ခြင်း ပြုသည် (相生相剋)လို့ တရုတ် ဖီလော်ဆော်ဖီစာ မှာ ဆိုထားပါသည်။ တဖန် ခေတ်ပေါ် တရုတ်သမိုင်းမှာ အလွန်တော်တဲ့ ခေါင်းဆောင်ကြီး မော်စီတုန်းကလည်း သူ့ရဲ့ "ပဋိပက္ခတရား ဆွေးနွေးခန်း" ဆိုတဲ့ စာထဲမှာ "လူတန်းစားခြားနား မှု ရှိလို့ လူတန်းစား ပဋိပက္ခတွေ ရှိလာတယ်၊ လူတန်းစား ပဋ္ဋိပက္ခတွေ ရှိလို့ တော်လှန်ရေးနဲ့ တော်လှန်ရေးစစ်ပွဲဆိုတာ မလွှဲမရှောင်သာ ရှိလာတယ်၊ တဖန် ထို တော်လှန်ရေးနဲ့ တော်လှန်ရေးစစ်ပွဲ များမှ တပါး လူမှုရေးလောက ရဲ့ ခုန်ပျံ တိုးတက်မှု ကို မရရှိနိုင်ဘူး" လို့ ဆိုထားပါတယ်။ ဆရာလည်း ဒေါက်တာကြီးဘဲ။ လူနာတယောက်ကို ဆေးကုတဲ့ အခါမှာ antibiotic ဆေးတွေနဲ့ ကုရတဲ့အခါ ဒီလူနာ သည် ထိုဆေးများရဲ့ တိုက်ခိုက်ထိုးနှက်မှု ဒဏ်ကိုမခံရဘူးလား။ ဒီဒဏ်ကို ခံနိုင်မှလည်း သူ့ရောဂါ သက်သာပျောက်ကင်းနိုင်မည် မဟုတ်ပါလား။ ထို အဖြစ်မျိုးကို တရုတ်စကားမှာ "苦口良药" ဆေးစွမ်းဆေးကောင်း ဟာ ခါးတယ် လို့ ဆိုပါတယ်။ ဆရာရဲ့ ဆောင်းပါးကိုဖတ်ရင်း ကျွန်တော် excited and moved ဖြစ်လို့ မျက်ရည်ဝဲလာရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ရဲ့ ရောဂါ အဖုံဖုံကို ပျောက်အောင်ကုသပေးချင်တဲ့ ဂရုဏာစိတ်တွေ ဖြာဝေနေတဲ့ ဒေါက်တာရဲ့ စေတနာတွေကို ကျွန်တော် ကောင်းစွာ ခံစားမိပါတယ်။ မျက်မှောက်ခေတ်မှာ မည်သူမျှ ပဋိပက္ခကို မလိုလားပါဘူး။ အမေရိကန်ကလည်းမလိုလားဘူး၊ တရုတ်ကြီးကလည်း မလိုလားပါဘူး (မော်စီတုန်းမှ အပ)။ လက်ရှိ တရုတ်ပြည်မှာ ရှေးခေတ် အဆက်ဆက်က ရာဇပလ္လင် မင်းခမ်းမင်းနား တက်ခဲ့တဲ့ မင်းတွေလို မင်းရာထူးနဲ့ မင်းစည်းစိမ်တွေ ရရှိနေတဲ့ အုပ်ချုပ်ရေး လူတန်းစားဟာ ပဋိပက္ခနဲ့ တော်လှန်ရေးတွေကို သာ၍ မလိုလားပါဘူး။ ဒါပေမဲ့ မော်စီတုန်း ဆိုလိုတာက လိုလားတာ မလိုလားတာနဲ့ မဆိုင်ပါဘူး၊ သူက ယေဘုယျ အနုပဋိလောမ အကြောင်းကို ထောက်ပြသွားတာပါ။ စကြာဝဠာ တခုလုံးဟာ ဒီအနုပဋိလောမ နဲ့ မလွတ်ကင်းပါဘူး။ ဒီတော့ ဒီလို ရုန်းကန်လှုပ်ရှားနေရတဲ့ Factual facts, realistic realism တွေထဲမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံတော်ကြီး တိုးတက်အောင်၊ ဗြဟ္မစိုရ် တရား တကယ် ပွားများ အောင် ဘယ်လို လုပ်ကြမလဲ၊ ဘယ်လို နည်းလမ်းတွေရှာ ကြမလဲ ဆိုတာ ဒေါက်တာရဲ့ စူးရှထက်မြက် တဲ့ အတွေးအမြင် နဲ့ လမ်းပြမှု၊ အလင်း ပေးမှုတွေ ကို ကျွန်တော်တို့ သာမန်ပြည်သူတွေ မျှော်လင့် တောင့်တ လိုလားနေကြပါတယ် ခင်းဗျား။ ထိုပညာအလင်းကို ဆရာ အဆက်မပြတ် ပေးသနားတော်မူပါ ခင်ဗျား။

Sunday, March 10, 2013
ဒီမိုကရေစီ နောက်ပြန်မဆုတ်စတမ်း
【ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင်
မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက်ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို
ကတိပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင်
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ
Mr.Jose Manual Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင်
မီဒီယာများအား ပြောကြားခဲ့သည်။】
www.news-eleven.com
မှာပါတဲ့ သမ္မတကြီးရဲ့ အထက်ပါပြောကြားချက်ကို ဖတ်ရှုပြီး အလွန်အားရသဖြင့် ယ္ခုလို
ကွန်းမင့် ရေးသားလိုက်ပါသည်။
သမ္မတကြီးရဲ့
ဂတိကိုလုံးဝ ယုံကြည် ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ
အကူးအပြောင်းကာလမှာ အရေးကြီးဆုံးတာဝန်ယူရတဲ့ သမ္မတကြီးရဲ့ အနေအထားနဲ့ တိုက်ဆိုင်မှု
ကံကြမ္မာဟာ ကျွန်တော်တို့မြန်မာနိုင်ငံတော် အတွက်အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
အနောက်နိုင်ငံသားတွေတွေးခေါ်ပုံတွေးခေါ်နည်းဟာ ကျွန်တော်တို့ အာရှတိုင်းသား
အရှေ့တိုင်းသားတွေနဲ့မတူပါဘူး။ သူတို့ကပိုပြီး လက်တွေ့ကျတယ် (Pragmatism)
ဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တိုင်းသားတွေကတော့ ဟိုချေးများ ဒီချေးများနဲ့
အာလူးဖုတ်တာနဲ့ အချိန်ကုန်နေတာပါ။ နောက်ပြီးတော့မှ အလဟဿဖြုန်းတီးပစ်တဲ့
အချိန်အတွက် အဖတ်ဆယ်ရန်၊ တွက်ခြေကိုက်အောင် မှောင်ခိုနည်း၊ မသမာ လာဘ်ထိုးနည်း၊
လိမ်လည်နည်း၊ အချောင်နှိုက်နည်းတွေနဲ့ မမျှမတ စီးပွားရှာ သွားတာပါ၊
ဒီလိုလုပ်ဆောင်ခြင်းဟာ အဆုံးမယ်တော့ နိုင်ငံရဲ့ Overall စီးပွားရေးကို
ထိခိုက်ဆုတ်ယုတ်စေပြီး ဆိုးကျိုးတွေဖြစ်စေပါတယ်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေး၊
ငွေရေးကြေးရေး မညီမမျှတိမ်းစောင်းမှုဖြစ်နေတာ ဘယ်သူ့စနက်လည်းဆိုတာ
လူတိုင်းသိထားပါတယ်။ ဒါကို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများက (pragmatic) ကျကျ
ပြန်လည် ထိန်းကျောင်း တည့်မတ်ပေးနေပါတယ်။ ဒီလိုအချိန်အခါမျိုးဟာ ကျွန်တော်တို့
မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ဖေါ်ဆောင်သင့်တဲ့ အချိန်အခါ၊
အခွင့်အခါကောင်း ဖြစ်ပါတယ်။ မဟာဗျူဟာချပြီး အရှိန်အဟုန်ပြင်းစွာ တည်ဆောက်
လုပ်ကိုင်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ အပြောအဆိုနဲ့
ဂတိပေးပုံတို့ကိုကြည့်ခြင်းအားဖြင့် ယုံကြည် အားကိုးထိုက်သူ၊ အဓိက အချက်အချာ ကျသူ
အဖြစ် ခံယူနားလည် ရပါတယ်။ ဥရောပနိုင်ငံ ခေါင်းဆောင်တွေကလည်း ဝါရင့်
နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်တာမို့ နိုင်ငံရေး အခင်းအကျင်းတွေ မညံ့ဖျင်းဘူး၊
ကောင်းမွန်တယ်လို့ ယုံကြည်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီရေးဟာ
ကျိန်းသေ အောင်မြင်မှာ ဖြစ်ပါတယ်။ သို့ သော် ပြည်တွင်း
စည်းလုံးညီညွတ်ရေးတည်ဆောက်ဖို့ NLD စတဲ့ နိုင်ငံရေး ပါတီပေါင်းစုံနဲ့ နားလည်မှု
ရအောင်၊ ပြေပြစ် ချောမွေ့အောင်၊ ပူးပေါင်း ဆောင်ရွက် နိုင်အောင်ကြိုးစားရပါမည်။
နေရာပေးရပါမည်။
ဒီလို
မဟာဗျူဟာချနိုင်ဖို့ အလွန် ကြီးမားတဲ့သဘောထားနဲ့ နက်ရှိုင်းတဲ့
အမြော်အမြင်ရှိဖို့လိုပါတယ်။ သမ္မတကြီးဟာ သမ္မတကြီး ဆိုတဲ့ ထူးခြားတဲ့ ပါဝါနဲ့
အနေအထားမျိုး ရရှိထားသူဖြစ်တာမို့ ထိုဗျူဟာ ကို အောင်မြင်အောင်ဖေါ်ဆောင်နိုင်တဲ့
အားသာချက် ရှိပါတယ်။ နိုင်ငံခြား အကြွေးကြေရုံ၊ အကူအညီနှင့်ချေးငွေရရုံသက်သက်
မျှော်မှန်းနေတာ မဟုတ်ဘဲ တကယ့်ကို မိမိခြေထောက်ပေါ် မိမိ ဂုဏ်ရှိရှိ
ရပ်တည်နိုင်အောင် ကြိုးစားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားတာကိုလည်း လွန်စွာ
ကြိုက်နှစ်သက်ပါသည် ခင်ဗျား။ အပြောတွေက အရမ်းကောင်းပါသည်။
လက်တွေ့အကောင်အထည်ဖေါ်ဖို့ဘဲ ကျန်ပါတော့သည်။ အနောက်မျှော်ဝါဒလမ်းစဉ်ကိုသာ
ကြံ့ကြံ့ခိုင် လျှောက်လှမ်းရင် အရာခပ်သိမ်း အောင်မြင်မည်ဖြစ်ပါသည်။ နောက်တချက်က
ကျွန်တော်တို့ မြန်မာတွေအလုပ်လုပ်တဲ့ စပိ အရမ်းနှေးပါသည်။ ရှေးယခင်ကကျွန်တော်တို့
နိုင်ငံဟာ အာရှမှာ အလွန် ချမ်းသာတဲ့နိုင်ငံဖြစ်ခဲ့တာမို့(စင်ကာပူတောင်
ကျွန်တော်တို့ရဲ့ နောက်မှာ အပြတ်ကျန်ခဲ့တာပါ) စီးပွားပျက် အိမ်ကြီးသခင်
အကျင့်ကမပျောက်သေးတဲ့ အတွက် မှောင်ခိုနည်း၊ ဖြတ်စားအမြတ်ထုတ်နည်း၊ speculation
နည်း၊ monopolize နည်း၊ squeeze နည်း၊ exploit နည်း၊ extort နည်း စတာတွေ ကိုဘဲ
ကျွမ်းကျင်တာကလွဲလို့ တခြား ဂုဏ်သရေသိက္ခာရှိရှိ နည်းတွေမှာ အရမ်း ညံ့ဖျင်း
ခေတ်နောက်ကျ နေပါသည် (ဒါဟာလည်းဘဲ မကောင်းတဲ့ ဆရာကိုဆရာတင်မိလို့ ဖြစ်ပါတယ်)။ အမြင်
အယူအဆ၊ အကျင့်အကြံ၊ စတိုင် တွေကအစ ဒစ်ဂျစ်တယ် ကွန်ပျူတာ ခေတ်နဲ့ ကိုက်ညီအောင်
သိက္ခာရှိရှိ၊ စနစ်ကျကျ လေ့ကျင့် ကျင့်ကြံဖို့လိုပါသည်။ အရေးကြီးဆုံးအချက်ကတော့
ကိုယ့်ကိုဖျက်ဆီးချင်တဲ့၊ ဘိန်းကြွေးချင်၊ လာဘ်ကြွေး ဖြားယောင်းချင်တဲ့
အဖျက်သမားတွေ၊ ဆရာကြောင်သူတော်တွေနဲ့ မပေါင်းဖို့၊ ဝေးဝေးရှောင်ဖို့ပါဘဲ။
ပြည်ပအားကိုးပုဆိန်ရိုးမလုပ်ဖို့၊ အမေကျော်ထွေးတော်လွမ်း မလုပ်ဖို့ (တချို့
ဝန်ကြီးအဆင့်ရှိတဲ့ လူကတောင် အမေကျော်ထွေးတော်လွမ်းတဲ့ စကားမျိုး ပြောဆိုတာ
အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်) စတဲ့ အချက်တွေကို မြဲမြဲမြန်မြန် ဆုပ်ကိုင်
ဖော်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ရရှိနေတဲ့ အသက်ကယ်ပေါက် (Window Period)
ကို လက်မလွတ်စတမ်း မိမိရရ ဖမ်းပြီး လုပ်ဆောင်နိုင်လျှင် သမ္မတကြီး အာရုံပြု
ဂရုစိုက်လှတဲ့ သာမန်ပြည်သူ ဆင်းရဲသား တရပ်လုံး ရဲ့ ဘဝ ရပ်တည်ရေး ကောင်းမွန်လာမည်
ဧကန်မလွဲပါ။ ယိုးဒယားကို ဆင်းဆင်းရဲရဲ ကသီလင်တ၊ အနှိမ်ခံ သွား ရောက်
အလုပ်လုပ်ကိုင်ရတဲ့ ဆင်းရဲသား အလုပ်သမား တွေရဲ့ဘဝမှ လွတ်မြောက်နိုင်ပါမည်။
ဒီမိုဒီမို တခဲနက်ကြို၊ မြင့်မြင့် ကြံစည် တို့ မြန်ပြည်၊ စည်းလုံးအင်အား လက်ကိုင်ထား၊ ကြွယ်ဝချမ်းသာ ပြည်သာယာ။
ဒီမိုဒီမို တခဲနက်ကြို၊ မြင့်မြင့် ကြံစည် တို့ မြန်ပြည်၊ စည်းလုံးအင်အား လက်ကိုင်ထား၊ ကြွယ်ဝချမ်းသာ ပြည်သာယာ။
Wednesday, February 27, 2013
ဘိန်းတလုံးပိုမရှူချင်ပါနဲ့
www.news-eleven.com မှာ သတင်းဆောင်းပါးတပုဒ်ဖတ်လိုက်ရတယ်။
သတင်းကိုယ်၌ထက် ကွန်းမင့် တွေကသာ၍ဖတ်လို့ကောင်းပါသည်။ ကျွန်တော်လည်း မနေနိုင်၍ ကွန်းမင့်
လိုက်ရေးလိုက်ပါသည်။ သူများ ကွန်းမင့်ကို ကိုးကားပြီး (Quote လုပ်ပြီး) ရေးခြင်း ဖြစ်ပါသည်။
အောက်ပါအတိုင်းဖြစ်ပါသည်။
Quoting maungtoe.mr:
[မင်းတို့တရုတ်တွေရဲ့မူဝါဒပြောင်းချင်ပြောင်းမပြောင်းချင်နေ ငါတို့လိုပြည်သူတွေကတော့စိတ်လည်းမ၀င်စားဘူး၊ ဂရုလည်းမစိုက်ဘူး။ မင်းတို့နဲ့ကျေးဇူးခံကျေးဇူးစားရှိတဲ့၊ မင်းတို့ခိုင်းတိုင်းလိုက်လုပ်ပေးမယ့် အခုအစိုးရအဖွဲ့နဲ့ စစ်ဗိုလ်ချုပ်တွေကတော့ကြောက်ချင်ကြောက်လိမ့်မယ်။ ငါတို့လိုပြည်သူတွေကတော့ ငုံ့ခံမှာမဟုတ်ဘူးနော်။ မြန်မာပြည်အခုလိုပျက်စီးသွားတာ မင်းတို့စနက်တွေလဲမကင်းဘူးဆိုတာတော့ မြျြဲမဲမှတ်ထားပါ။ အေး ငါတို့ကတော့ဘယ်တော့မှမမေ့ဘူး။ ဖြစ်နိုင်တဲ့တစ်နေ့ကျရင် အဲဒီအကြွေးတွေမင်းတို့ကိုပြန်ဆပ်ချင်တယ်။ နောက်ဆုံးပြောလိုက်မယ် မင်းတို့တရုတ်တွေမြန်မာပြည်မှာ တစ်ကောင်မှမရှိလေ ကောင်းလေပဲကွာ။]

maungtoe.mr ရဲ့ရေးသားချက်ကို လုံးဝထောက်ခံပါသည်။ မှန်ကန်ပါသည်။ သွေးထွက်အောင်မှန်ပါသည်။
ထို့ကြောင့် အလွန်ကြိုက်နှစ်သက်ပါသည်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ မိမိကိုယ်မိမိ
တကယ် အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်မြင့်တဲ့လူမျိုးဖြစ်အောင် အဆင့်မြင့်မြင့် ကျင့်ကြံ
အားထုတ်ကြရပါမည်။ တမျိုးသားလုံး အရည်အချင်း၊ အရည်အသွေးတွေ အဆင့်မြင့်အောင် အဆင့်မြင့်တဲ့
အမေရိကန်တို့၊ ဂျပန်တို့၊ အင်္ဂလိပ်တို့၊ ဂျာမဏီတို့၊ ပြင်သစ်တို့နဲ့ တရင်းတနှီး ပေါင်းသင်းဆက်ဆံ
အတုယူ၊ ပညာယူဖို့လိုပါသည်။ တရုတ်ကြီးတောင်မှ အမေရိကန်ဆီတပည့်ခံပြီး၊ ပညာတော်သင်တွေ
မြောက်များစွာလွှတ်ပြီး၊ သူ့ရဲ့RMB ငွေကို ဈေးအရမ်းလျှော့ချထားပြီး အမေရိကန်ကို အောက်ကျို့ခံပေါင်းပြီး
စီးပွားရေးတိုးတက် အောင် ကြိုးစားလုပ်ယူရတာပါ။ သူက ကျွန်တော်တို့လို မြန်မာနိုင်ငံ
အပေါ်သာ လူပါးဝပြီး ဘိန်းစားချင်းအတူတူ ဘိန်းတလုံးပိုရှူ နေတာပါ။ "မြန်မာနိုင်ငံ၏
တရုတ်မူဝါဒ ပြောင်းလဲ လိမ့်မည်မဟုတ်" ဆိုပြီး မြန်မာ့ ကိုယ်စား ဆရာလုပ်ပြီး ဟောကိန်းထုတ်တာမျိုးကိုယ်က
သူ့ရဲ့ ကြောင်လက်သည်းဝှက် ဇာတိရုပ်အစစ်ကိုဖေါ်ပြနေပါတယ်။ သူ့နောက်လိုက်လုပ်ချင်တဲ့ လူတွေ
ကြပ်ကြပ်သတိထားကြပါ။ အဲသည့်အကျင့်ယုတ်အကြံယုတ်မျိုးကို တရုတ်လို ”越俎代庖,一厢情愿“လို့ခေါ်ပါတယ်။ "ကြောတယ်"
ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး မှာ သမ္မတကြီးဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည်လို ပညာဥာဏ် အမြော်အမြင်ကြီးမားတဲ့ သမ္ဘာရင့် ပြည်သူ့ခေါင်းဆောင်ကြီးတွေပေါ်ပေါက်နေပါပြီ။
ကမ္ဘာ့ဒီရေဟာလည်း ဒီမိုကရေစီ ဒီရေ အားပြင်းနေတဲ့ အချိန်ဖြစ်တာမို့ ဒီမိုကရေစီ လှိုင်းကြီးကို
ရဲရဲဝံ့ဝံ့ စီး တတ်ကြဖို့ဘဲလိုပါတယ်။ ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာ၊ အာရှရေးရာ၊ လူသား ရေးရာ၊
လူဦးရေ ပေါက်ကွဲ အောင် များပြားမှုရေးရာ၊စတဲ့ ရေးရာတွေကိုရေးသားမယ်ဆိုရင် စာအုပ်ပေါင်းများစွာ
ရေးရပါလိမ့်မယ်။ အခုလတ်တလောအချိန်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ရဲ့
ဦးဆောင်မှုကို တသွေမတိမ်းလိုက်နာ ပြီး တိုင်းပြည်အပေါ်သစ္စာရှိရှိ တက်ကြွစွာပါဝင်လုပ်ဆောင်ကြလျှင်
ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆင့်ကို အမှီလိုက်နိုင်မည်သေချာပါသည်။ ဆရာစား ချန်သည့် တရုတ်ကြီးကိုသွား
အားကိုးရင်တော့ အမှားကြီးမှားပါလိမ့်မည်။ တရုတ်ကြီးက အရမ်းလည်တာ၊ သူ့ကိုပညာသားပါပါ
ပထုတ်မှသာ ရနိုင်ပါမည်။ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ရေးနည်း တခုထည်းနဲ့ မရနိုင်ပါ။
Policy, tactics, strategy, universal plan, concerted relationship and
partnership စတဲ့ ကျယ်ပြန့်ပြီးပြည့်စုံတဲ့ နည်းဗျူဟာ တွေရှိထားဖို့လိုပါသည်။
camouflage လည်းလုပ်တတ်ဖို့လိုပါသည်။
ယ္ခုသတင်း ဆောင်းပါး၏ reference website ကို thaungmt# (the 1st commentator) က မေးထားသည့် အတွက် အများသိရန် ကူးယူ မျှဝေပေးလိုက်ပါသည်၊ ၎င်းမှာ www.globaltimes.cn ဖြစ်ပါသည်။ February 18 ရက်စွဲကိုကိုးကားပြီး ဆောင်းပါးကိုရှာဖတ်နိုင်ပါသည်။ ဆောင်းပါး ခေါင်းစဉ်က "No need to create false gulf between Beijing, Nay Pyi Taw" ဟူ၍ ဖြစ်ပါသည်။ ၎င်းဝက်ဆိုက်နှင့် essay ကို မိတ်ဆက်ပေးခြင်းမဟုတ်ပါ။ မဟုတ်သည့်အပြင် ထိုသို့ကြီးကြီးကျယ်ကျယ် လူပါးဝသော essay ကို ရှုတ်ချပါသည်။

Subscribe to:
Comments (Atom)