Thursday, April 11, 2013

ပညာဖြင့် နိုင်ငံတော်ကို တည်ဆောက်စို့


News-eleven မှာ ဒေါက်တာ ခင်မောင်ညို ရဲ့ ဆောင်းပါးကို ဖတ်ရလို့ ကျွန်တော့်ဘဝင်မှာ ပဲ့တင်ထပ် ဖြစ်ကာ အခုလို ကွန်းမင့် တွေကို ရေးခဲ့တာကို မျှဝေခံစား နိုင်ရန် တင်ပြအပ်ပါသည်။
ကျက်သရေရှိလှတဲ့ နှစ်သစ်ကူး မြန်မာ့သင်္ကြန်မင်္ဂလာ အခါသမယကိုရောက်ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော်ကြီး သာယာဝပြော တိုးတက်ဖွံးဖြိုးပါစေလို့ စေတနာကောင်း မေတ္ထာ အစစ်အမှန်နဲ့ ဆုတောင်းလိုက်ပါတယ်။ အမိနိုင်ငံကိုချစ်ချစ်လွန်းလို့ နိုင်ငံခြားမှာ အဆပေါင်း ၃၀-၄၀ ပိုရတဲ့ လစာ ဝင်ငွေတွေကိုမမက်ဘဲ ကိုယ့်အမိနိုင်ငံကို ပြန်လာပြီး အဆင်းရဲခံ အငတ်ခံ အကျိုးပြုလုပ်ငန်းတွေလုပ်နေတာပေါ့။ အခု ကျွန်တော်တို့ အမိနိုင်ငံတော်ကြီးဟာ ဒီမိုကရေစီ အပြောင်းအလဲ = ခေတ်ပြောင်းတော်လှန်ရေးကြီးကို လုပ်ဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ (တော်လှန်ရေး လို့ ပြောလို့ လန့်မသွားကြပါနဲ့။ ကျွန်တော်ပြောတဲ့ တော်လှန်ရေးဆိုတာ ပညာဝေါဟာရ၊ ပညာရှင်အသုံးအနှုန်း ဝေါဟာရဖြစ်ပါတယ်။ လက်နက်ကိုင် ဓားကိုင် ထချမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စာတတ်သူ ပညာရှိတိုင်း တော်လှန်ရေးဆိုတဲ့ ဝေါဟာရ ရဲ့ အကျယ် အနက် အဓိပ္ပါယ်ကိုသိကြပါတယ်။ ဥပမာ စက်မှု တော်လှန်ရေး၊ နည်းပညာတော်လှန်ရေး ဆိုတာလည်း တော်လှန်ရေးပါဘဲ။ တော်လှန်ရေးဆိုတဲ့ စကားလုံးလေးကြားရုံနဲ့ လန့်ဖြန့်သွားရင် ဘယ်လိုလုပ်ပြီး နက်နဲတဲ့ သိပ္ပံပညာရေးတွေ၊ Science တွေကို ဆွေးနွေးပြီး ကျမ်းဂန်တွေ ပြုစုနိုင်မှာလဲ၊ ကျမ်းဂန် ကောင်းတွေ မပြုစု မရေးသား မစုဆောင်းနိုင်လျှင် တိုင်းပြည်ရဲ့ ပညာရေးအဆင့်ကို ဘယ်လိုလုပ်ပြီး မြှင့်တင်နိုင်မှာလဲ။) ဒီလိုထူးခြားတဲ့ အချိန်အခါ မင်္ဂလာတော် အခါသမယမှာ ကျွန်တော်တို့ မြန်မာပြည်သူအားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး စည်းလုံးညီညာ အောင်ကြောင်း ဖြာဆိုတဲ့ ဆောင်ပုဒ်အတိုင်း စည်းစည်းလုံးလုံး အားယူလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလျှင် ကိုယ့်အိတ်ကပ်ကိုယ်နှိုက်၊ ကိုယ့်စရိတ်ကိုယ်စိုက်ပြီး တိုင်းပြည်တိုးတက်စေဖို့ တတပ်တအား နေ့စဉ် အကြံ ကောင်းကွန်းမင့်တွေ လာရေးနေသူ ဖြစ်ပါတယ်။ ဒေါက်တာခင်မောင်ညိုရဲ့ ဆောင်းပါးကို နှစ်သက်လွန်းလို့ ထောက်ခံအားပေးတဲ့ အနေနဲ့ ကွန်းမင့် ထည့်ရေးခြင်းဖြစ်ပါတယ်။ (ကျွန်တော့သမီးဆိုလည်း USMLE တို့ Britain London က ** Certificates တွေကို ရရှိထားတဲ့ ဆရာဝန်ဒေါက်တာပါဘဲ။ သားတွေလည်း RITဘွဲ့ရ အင်ဂျင်နီယာ၊ ကွန်ပျူတာပါရဂူတွေပါဘဲ။) ဒေါက်တာက ပညာနဲ့ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ Core idea နဲ့ ဒေါက်တာ့ ဆောင်းပါးကို ရေးလိုက်တော့ ကျွန်တော့ဘဝင်နဲ့ ထပ်တူထပ်မျှဖြစ်လို့ ကျွန်တော့် စိတ်ထဲမှာ ပဲ့တင်ထပ် ဖြစ်သွားပါတယ်။ ပညာနဲ့ တိုင်းပြည်ကိုတည်ဆောက်ကြမယ် ဆိုတော့ ပညာနဲ့ ပတ်သက်လာရင် သဘောထားကြီးဖို့၊ ဆွေးနွေး ဝေဖန်ပြုနိုင်၊ ခံနိုင်ကြဖို့၊ အမှန်တရားကို ပကတိ အမှန်တရား အဖြစ် ဝေဖန်သုံးသပ် လက်ခံနိုင်တဲ့ Scientific ကျတဲ့ ဥာဏ်ပညာ ရှိဖို့၊ သတ္တိရှိဖို့လိုအပ်ပါတယ်။ သိပ္ပံပညာရှင် ကိုပါးနီးကပ်စ်ဟာ နေက ကမ္ဘာကြီးကို  ဗဟိုပြုပြီး လည်ပတ်နေတာ မဟုတ်ဘဲ  ကမ္ဘာကြီးနှင့် အခြားဂြိုလ်များက နေကို ဗဟိုပြုပြီး လည်ပတ်နေတယ် ဆိုတာကို  စတွေ့ရှိတုန်းက ခရစ်ယာန် အယူသည်းသမား တွေက လုပ်ကြံမှာ ကြောက်သော်လည်း သူ သေဆုံးခါနီးမှာ ထို scientific discovery ကို  ထုတ်ဖေါ်  ကြေငြာသွားခဲ့ပါတယ်။ ဒါ လူသားတွေအတွက် တကယ့် အမှန်တရားကို ရဲရဲရင့်ရင့် ကာကွယ် စောင့်ရှောက် ဖေါ်ပြသွားတာပါ။ ကင်ဆာရောဂါကုရာမှာဘဲ ဖြစ်ဖြစ်၊ H7N9, H5N1 စတဲ့ Bird Influenza တွေကိုကုရာမှာဘဲ ဖြစ်ဖြစ် ဒီလို Scientific ကျတဲ့ ရဲရင့် ပြတ်သားမှုတွေ ရှိဖို့လိုပါတယ်။ ကျွန်တော်ဟာ အခု အသက် ၆၅ ရှိတဲ့ ကင်ဆာ ရောဂါသည် (Rectal Cancer = Rectal adenocarcinoma  တတိယအဆင့်-Dukes' C2 )  ဖြစ်ပါတယ်။ ငယ်စဉ်တောင်ကျေးဘဝ (ပုဂံညောင်ဦးဇာတိ) ကတည်းက ပညာကို အထူးချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ရှေ့ ခေတ်က အသုံးမကျ တဲ့ အစိုးရကြောင့် ကျွန်တော့လို လူရည်ချွန်ထက် ဆယ်ဆ မက တော်တဲ့ လူတော်ကျောင်းသားကို ကျောင်းမှ ထုတ်ပယ်ပစ်လိုက်ပါတယ် (ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးကြီး လှဟန်ခေတ်ကပေါ့)။ သို့သော်ငြားလည်း ပညာကိုမြတ်နိးပြီး တိုင်းပြည်ကိုချစ်တတ်တဲ့ ပကတိ အချစ်စိတ်ရှိတဲ့ ကျွန်တော်ဟာ အချစ်မျိုးစေ့တွေကို အိနြေ္ဒ မပျက် ဆက်လက် ပျိုးချလျက်ပါဘဲ။ မည်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့ ကအဓိက မဟုတ်ပါလား။ ပညာရေးရှုထောင့်ကနေ ဆွေးနွေးမယ်ဆိုရင် "မည်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အဓိကပါ" ဆိုတဲ့ အဆိုဟာ truth ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ သက်သေအထောက်အထား တွေနဲ့ တခမ်းတနား ဆွေးနွေးရမယ့် Proposition ဖြစ်ပါတယ်။
အခုကျွန်တော် ကွန်းမင့်ရေးတဲ့ ရည်ရွယ်ချက်က မိကျောင်းမင်း ရေခင်းပြ နေတာ မဟုတ်ပါဘူး။ ဒီနေ့ဟာ သင်္ကြန် အလုပ်အားရက်မို့ အချိန်ပိုရလို့ စကေားကြော ရှည်ရခြင်းဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒေါက်တာ ခင်မောင်ညိုရဲ့ Idea ကို နှစ်သက်လွန်းလို့ ဒေါက်တာ့ဆီက ပိုကောင်းတဲ့ အသိပညာ တွေကို ဆက်လက်ရယူချင်၊ ဖတ်ရှုချင်လို့ ရေးနေခြင်းဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းတရားသည် အကောင်းဆုံးပါ။ ကျွန်တော် အကြောင်းမဲ့ ကျောင်းထုတ်ခံရပေမဲ့ အဲသည့် ကျောင်းထုတ်တဲ့ အစိုးရကိုဘဲ Rhetoric Euphoria လုပ်တဲ့ မဲဆွယ်ရေး လှုံ့ဆော်ပွဲတွေမှာ ကျွန်တော် ဦးစီးပြီး မဲဆွယ်သီချင်းတွေ သီကုံး ဖွဲ့ဆို တီးမှုတ် ဆော်သြခဲ့ပါတယ်။ ဥပမာ- " ပြည်သူ့ကိုယ်စားလှယ်-တို့ရဲ့ ကိုယ်စားလှယ်။ နိုင်ငံရဲ့ အကျိုးနှင့်- ပြည်သူရဲ့ အကျိုးကို--ကိုယ်စားပြုတဲ့- ပြည်သူ့ကိုယ်စားလှယ်---မြန်မာ့ ဆိုရှယ်လစ်၊ လမ်းစဉ်ပါတီ ဦးဆောင်မှုကို လေးလေးနက်နက်၊ ခံယူကျင့်သုံးတဲ့၊ ပြည်သူ့ကိုယ်စားလှယ်---" လို့ ရေးစပ်သီကုံး ရင့်ကျူး ခဲ့ပါတယ်။ ဒါဟာ ခွင့်လွှတ်ခြင်း၊ သီးခံခြင်းတရားကို ဖေါ်ပြတာပါ၊ ထို့အတွက် ကျွန်တော့်မှာ ကုသိုလ်တွေရရှိပါတယ်။ ကျွန်တော်က တရုတ်စာ တတ်တော့ တရုတ်အကြောင်း ကောင်းကောင်း နောကြေတာပေါ့။ ဒါကြောင့်လည်း မော်စီတုန်း အကြောင်းတွေ ကောင်းကောင်း ရေးနိုင်တာပေါ့။ ကျွန်တော်တို့ နိုင်ငံ တကယ်တိုးတက်ချင်ရင် ပညာဗဟုသုတကို သူ့ ပကတိ ပညာ အဖြစ်သဘောထားပြီး နှိုက်နှိုက်ချွတ်ချွတ် ဖင်အဆုံး ခေါင်းအဆုံး တတ်သိ အောင်လေ့လာဖို့လိုပါတယ်။ ဒေါက်တာတို့ သင်တန်းအစက ဖားကလေးတွေကို ကလေးကစားသလို ဖင်ဆုံး ခေါင်းဆုံး ခွဲစိပ် လေ့လာ သလိုပေါ့။ တရုတ်ကြီး အကြောင်းကို သူ့ ရာဇဝင်သမိုင်းက အစ ဖင်ဆုံး ခေါင်းဆုံး နှိုက်နှိုက်ချွတ်ချွတ် သိမထား ရင် တရုတ်ကြီးက ကျွန်တော်တို့ ဗမာ ကို ရောင်းစားတာ ခံသွားရမှာပေါ့။ ဗကပတွေဆိုရင် ဒီလို မသိဘဲ တတ်ယောင်ကားလုပ်ခဲ့ လို့ တရုတ်ကွန်မြူနစ်တွေရဲ့  ရောင်းစားခြင်းကို  ခံလိုက်ရပြီး တတပ်လုံး တဆွေလုံး တဖွဲ့လုံး ကျဆုံး ပျက်စီးသွားရတာပေါ့။ အခုအချိန်မှာ လည်း တရုတ် ကွန်မြူနစ် အလိုတော်ရိ၊ တရုတ် ခြေသလုံးဖက် ခရိုနီ အခွင့်ထူးခံ လူတန်းစား ဗကပ လက်သစ် (Neo-BCP) တစုဟာ တရုတ်ကြီးအကြောင်း ကို ဖင်ဆုံး ခေါင်း ဆုံး မသိဘဲ ကပ်ဖားယပ်ဖားလုပ်နေလို့၊ မြွေပွေး ခါးပိုက်ပိုက်မိတဲ့ အခြေကို ရောက်လို့ ရောက်မှန်းမသိ ရောက်နေရပါတယ်။ ဒါတောင် အိပ်မက်က လန့်လန့်နိုးပြီး " ဗကပရန်၊ ဗကပရန်! " လို့ မိမိကိုယ်ကို မိမိ ကယောင် ချောက်ချား ထထ အော် နေသေးတယ်။ ဟာသပါဘဲ။ ဦးနေဝင်းတုန်းကတောင် သည်လောက်မအ ခဲ့ဘူးဘူး။ အခုဟာက ၂၁ ရာစု ခေတ်သစ်၊ သိပ္ပံခေတ်၊ i-phone ခေတ်၊ i-pad ခေတ်၊ tablet computer ခေတ်၊ Digital ခေတ်ကို ရောက်နေပါပြီ၊ ခေတ်ကိုမှီအောင် လိုက်ဖို့လိုပါသည်။ ကျွန်တော်ရေးထားတဲ့ facebook ဆောင်းပါးထဲမှာ တရုတ် ရှေး ပညာရှိကြီး ကွန်ဖြူးရှပ် တောင် tablet computer ကို ကြည့်ပြီး ဖတ်ပြီး လန့်ဖြန့်ကာ ခြေကုန်သုတ် ထွက်ပြေး သွားပါတယ်။ မော်စီတုန်းတောင် ခေတ်သစ် ပြန်လည်ပြင်ဆင်ရေးသမား တွေကို မလှန်နိုင်လို့ သင်္ချိုင်းအုတ်ဂူထဲကနေ ထအော်ရပါတယ် လို့ ဆိုထားပါတယ်။  လက်ရှိကမ္ဘာကြီးဟာ အနောက်တိုင်း အရင်းရှင် ဒီမိုကရေစီ စနစ်က ဘက်စုံ အလုံးစုံ အောင်ပွဲခံနေတဲ့ ခေတ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာရှိတွေအားလုံး ဒီ ခေတ်သစ် ဒီလှိုင်းကြီးကို အောင်အောင်မြင်မြင် စီးနင်း လိုက်ပါ ရင်း အမိနိုင်ငံတော် ရဲ့ ခေတ်မှီတိုးတက် ဖွံ့ဖြိုးရေး အရေးတော်ပုံကြီး ကို ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲ ခံနိုင်ပါစေ လို့ လတန်ခူး နှစ်ဦးအစပ်မှာ ဆုထူးဆုမြတ်တွေ တောင်းရင်း နိဂုံး ချုပ်အပ်ပါသည်။

No comments:

Post a Comment