Tuesday, December 3, 2013

တဒင်္ဂနှင့် ထာဝရ


အခုတလော စာမရေးတာ ကြာပြီ။ တကြောင်းကတော့ အချိန်မရလို့၊ နောက်တကြောင်းကတော့ ကွန့် မြူးဉာဏ် မပေါ်လို့ပါ။ ကွန့်မြူးဉာဏ်ဆိုတာ လှုံ့ဆော်မှု တခုခု ဖြစ်မှ ဖြစ်ပေါ်လာတာပါ။ စိတ်စေတနာ ရှိမှလည်း ဖြစ်ပေါ်လာတာပါ။ အသက်၆၅နှစ် ထဲဝင်လာတဲ့ လူအို တယောက်အနေနဲ့ အလကားနေရင်း လျှာရှည်ပြီး စာတွေမရေးပါဘူး။ ကိုယ့်အမိနိုင်ငံ တကယ် တိုးတက်ဖွံ့ဖြိုးစေချင်တဲ့ စိတ်စေတသိက် မရှိဘဲ အလကား စာမရေးပါဘူး။ ဒီတော့ လိုရင်းတည့်တည့် ပြောမယ်၊ အခုတလော ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေဟာ ထူးခြားလှပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အတွက် တာစူ နေတယ်လို့ ဆိုရမှာပါ။ ဒီနေရာမှာ ဘယ်အင်အားက အားသာလို့ အနိုင်ရနိုင်တယ်၊ အခြေခံဥပဒေက ဘယ်လိုဖြစ်လို့ ဘယ်လို ပြုပြင် သင့်တယ် ဆိုတာတွေ ငြင်းခုံ ဆွေးနွေးနေကြတာတွေကို ကြားနေမြင်နေရပါတယ်။ အရေးထဲ ယိုးဒယား မှာ အတိုက်အခံပါတီက ဦးစီးပြီး ဆန္ဒပြမှုတွေလုပ်နေလို့ ထိုဂယက် ကျွန်တော်တို့ နိုင်ငံကိုကူးလာမှာလည်း စိုးရိမ်ရပါတယ်။ ယိုးဒယား ကတော့ ဒီမိုကရေစီ နိုင်ငံ ပီသတာမို့ ထိုသို့ ဆန္ဒပြမှုများ မကြာခဏ ဖြစ်တာ မဆန်းတော့ပါဘူး။ မိတ်ဆွေတစ်ယောက်နဲ့ လဘက်ရည် သောက်တုန်း ထိုအကြောင်း ပြောကြတော့ ထိုမိတ်ဆွေ က ဆန္ဒပြသူတွေက အကြမ်းဖက်ပြီး ဘယ်ရုံးခန်းကို ထိုးဖောက်ဝင်လို့၊ ဖျက်ဆီးလို့ဆိုပြီး ထိုဆန္ဒပြမှုကို ပြစ်တင် ရှုတ်ချပါတယ်။ ကျွန်တော်ကတော့ ဒီမိုကရေစီ လက္ခဏာ တခုအနေနဲ့ ထောက်ခံချီးကျူးပါတယ်။ ဒီလို ဥပဒေအရ လွတ်လပ်စွာ ဆန္ဒပြခွင့် ရှိလို့ အစိုးရ အရာရှိကြီးတွေ လာဘ်စား ခြင်းမှ တားဆီး၊ ကာကွယ်၊ လျော့နဲစေနိုင်တာပါ လို့ ကျွန်တော်က ပြောပါတယ်။ ရှေးပဒေသရာဇ်ခေတ်တုန်းကတော့ ဒီလိုဒီမိုကရေစီ အခွင့်အရေးမျိုး ဘယ်ရှိပါ့မလဲ။ ခေတ်ကတိုးတက်လာလို့ ဒီလိုစနစ်မျိုး ရရှိကြတာပါ။ ဒီမိုကရေစီဆိုတာ လူထု အင်အားနဲ့ Balance of power လုပ်သွား ချင်းဖြစ်ပါတယ်။ ဘယ်အင်အားမဆို ကွင်းလုံးကျွတ် အထိန်းအကွပ် မရှိ လွှတ်ထားလို့ မရပါဘူး။ balance ဖြစ်အောင် ပြန်ထိန်းရပါတယ်။ သို့မှသာ အစွန်းမရောက်ဘဲ တည်ငြိမ်အေးချမ်း ငြိမ်းချမ်းနိုင်ပါမယ်။ လူထုကြီးဟာလည်း ထိုသို့ ဆန္ဒပြ ရင်ဖွင့်ခွင့်ရမှ သူတို့ရဲ့ နစ်နာမှု၊ ဒုက္ခရောက်မှု တွေကို ဖေါ်ထုတ်ခွင့် ရပြီး ဒေါသ ပေါက်ကွဲမှု၊ အစွန်းရောက်မှု တို့မှ ကင်းဝေးနိုင် ပါမယ်။ အကြမ်းဖက်၊ နှောက်ယှက် ဖျက်ဆီး မှုတွေပါလာရင် ထိုလူတွေကို ဥပဒေအရ ဖမ်းဆီး အရေးယူနိုင်ပါတယ်။ အခုလိုသိပ္ပံပညာ ထွန်းကားတဲ့ မျက်မှောက်ခေတ်ကြီးမှာ ဗီဒီယို ကင်မရာတွေနဲ့ ထပ်ချပ်ရိုက်ကူးပြီး သက်သေယူထားလို့ ရပါတယ်။ ကိုင်ရတွယ်ရလွယ်ပါတယ်။ အရေးကြီးဆုံး အချက်က ဒီမိုကရေစီဆိုတဲ့မြင့်မြတ်ကောင်းမွန်တဲ့ ကျင့်ထုံးကျင့်နည်း ကို အားလုံး တကယ်လိုက်နာ ပြုကျင့် ကြဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမိမြန်မာ နိုင်ငံတော်ကြီး တကယ်လိုအပ်နေတာက ကောင်းမွန်တဲ့စနစ်နဲ့ ကောင်းမွန်တဲ့ ကျင့်စဉ်ဘဲ ဖြစ်ပါတယ်။ ၎င်း စနစ်နဲ့ ကျင့်စဉ်သည်သာလျှင် ထာဝရ ဖြစ်ပါတယ်။ ဦးနေဝင်း ခေတ်တုန်းက ဆိုရှယ်လစ်စနစ်ကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ စမ်းတဝါးဝါး ရှာဖွေစမ်းသပ်ခဲ့ပြီး ပါပြီ၊ မရမှန်းသိလို့ ဦးနေဝင်းက နောက်ဆုံးမှာ ပါတီစုံ ဒီမိုကရေစီ စနစ် အထိ ဖွင့်ပေးပြီး ပြုပြင် ပြောင်းလဲ ရေးတွေလုပ်ဖို့ ညွှန်ကြား ဆော်သြခဲ့တယ် မဟုတ်ပါလား။ သို့ သော် အကြောင်းမသင့် အဆင်မပြေ၊ လူမညီလို့ ကျွန်တော်တို့ မှာ သမိုင်း တပတ်လည်ခဲ့ ရတယ် မဟုတ်ပါလား။ အခုတော့ ကျွန်တော်တို့ တတွေဟာ မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ကမ္ဘာသိ ကြေငြာ ပြီး ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာပြီမို့ ထိုအောင်မြင်မှု ရလဒ်ကို တန်ဖိုးထားပြီး ဥစ္စာရင်လို ဥစ္စာရင်ခဲ ထိန်းသိမ်း စောင့်ရှောက်ဖို့၊ ဝိုင်းဝန်းပံ့ပိုး ကူညီဖို့ လိုအပ်ပါတယ်။ အစိုးရဘက်ကလည်း အသာစီး ရပြီးသား လူ ဖြစ်တာမို့ သဘောထားကြီးကြီး ပြုလုပ်သင့်ပါတယ်။ လူထုကြီး အပေါ် မင်းစိုးရာဇာ ရဲ့ ဗြဟ္မစိုရ် တရား ပွားများသင့်ပါတယ်။ သို့မှသာ ထိပ်တိုက်ရင်ဆိုင်မှု များမှကင်းဝေးပြီး ငြိမ်းချမ်း ညီညွတ် သွေးစည်းသော အောင်မြင်မှုကို ရရှိနိုင်ပါမည်။ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ အယူအဆ၊ မှန်ကန်တဲ့ စနစ်၊ မှန်ကန်တဲ့ ကျင့်စဉ်နဲ့ မှန်ကန်တဲ့ ဖွဲ့စည်းပုံ အသိုက်အမြုံ ပုံစံသည်သာလျှင် ထာဝရ ဖြစ်ပြီး လက်ငင်း တကိုယ်ရည် အကျိုးတို့သည် တဒင်္ဂ မျှသာ ဖြစ်ပါသည်။Top of Form
Bottom of Form

No comments:

Post a Comment