ဗီယက်နမ်လူမျိုးဟာ အင်မတန် ဇွဲသတ္တိပြောင်မြောက်တယ်။ သူတို့ရဲ့
ရှေး လူကြီး ခေါင်းဆောင်ကြီးဟိုချီမင်းဟာ တရုတ်စာနှင့် တရုတ် သမိုင်း
ကိုကျွမ်းကျင်ပြီး တရုတ်လူမျိုး အကြောင်းကို ကောင်းကောင်း နားလည်းသူ ဖြစ်ပါတယ်။
သူ့ရဲ့ တရုတ်စာနဲ့ ရေးတဲ့ ကဗျာတွေဟာ လည်း အလွန် ရသမြောက်ပါတယ်။ ဒါ့ကြောင့်
ဗီယက်နမ်လူမျိုး တွေဟာ တရုတ်လူမျိုးတွေရဲ့ ကောင်းကွက် ဆိုးကွက်၊ သာကွက် ပျော့ကွက်
တွေကို ကောင်းကောင်း သိရှိသူများ ဖြစ်ပါတယ်။ ဒီတပတ် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ
အမှတ်မထင် ဖြစ်လာတာ မဟုတ်ပါဘူး။ သူ့မှာ တချက်ခုတ် လေးချက်ပြတ်ဆိုတဲ့ ဦးတည်ချက်
လေးချက်ရှိပါတယ်။
(၁) တကမ္ဘာလုံးက တောင်တရုတ်ပင်လယ် ပိုင်နက်အချုပ်အချာ အရေးနှင့် ကျူးကျော်နယ်ချဲ့မှု အရေးကို ဂရုပြုလာစေရန် ဆွဲဆောင်ပေးခြင်း။
(၂) ထိုင်ဝမ်လူမျိုးများ တရုတ် ပြည်မကြီး ကို မှီခို ခိုကပ်ပြီး မိမိကိုယ်ရဲ့ လုံခြုံရေးကို ရှာကြံတဲ့ လိပ် လို ခေါင်းကြုံ့ ကြောက်ရွံ့တတ်တဲ့ စိတ်ထားကို နောင်တရအောင် ပြန်လည် ဆန်းစစ်စေနိုင်ခဲ့ ခြင်း။ အကြောင်းကတော့ ဒီတပတ် အုံကြွမှုမှာထိုင်ဝမ်စက်ရုံတွေ၊ ကုမ္ပဏီတွေ၊ ပစ္စည်းဥစ္စာတွေ အမြောက်အများကို ရိုက်ခွဲ၊ မီးရှို့ ဖျက်ဆီးခဲ့တာကို တရုတ်ပြည်မကြီးရဲ့ သက်ဆိုင်ရာ အရာရှိများမှ မည်သည့်ကန့်ကွက်မှု၊ အကာအကွယ်ပေးမှု မျှ လုပ်မပေးခဲ့ပါဘူး။ ထိုအချက်က ထိုင်ဝမ်ကုန်သည်များရဲ့ တရုတ်အားကိုးလိုတဲ့ တဖက်သတ် စိတ်ကူးယဉ်မှုကို ချေဖျက်နိုင်ခဲ့ပါတယ်။
(၃) အမေရိကန်က အာရှဖက်သို့ ပြန်လှည့်လာပြီ ဆိုတဲ့ မဟာဗျူဟာ ကို ကျင့်သုံးနေတဲ့ အခါသမယမှာ ဗီယက်နမ်က ဤသို့ လုပ်လိုက်ခြင်းသည် (အစိုးရကိုမဆိုလို၊ ဒါဟာ လူထု အုံကြွမှု သာ ဖြစ်တယ်) အခွင့်ကောင်းယူပြီး သတ္တိမွေးလိုက်ခြင်း မည်ပါတယ်။ တဖက်ကလည်း အစ်ကိုကြီး အမေရိကန် အပေါ် အားကိုးကြောင်း၊ သစ္စာ ခံယူကြောင်း ပြသပြီး အမေရိကန်ဆီက အကူအညီများ ရရှိနိုင်ရေး ကြိုးစားနေခြင်း ဖြစ်ပြီး နောက်တဖက်ကလည်း အာစီယံ အဖွဲ့ဝင် ညီအစ်ကို နိုင်ငံ အချင်းချင်း ဖြစ်တဲ့ ဖီလစ်ပိုင်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ ရေပိုင်နက် အချုပ်အချာ ကာကွယ်ရေး တိုက်ပွဲကို ထောက်ခံကြောင်း ထူးသံပေး လိုက် ခြင်းဘဲ ဖြစ်ပါတယ်။
(၄) အာစီယံ အဖွဲ့သားနိုင်ငံများကို အောက်ပါကဲ့သို့ အချက်ပြ လိုက်ခြင်း ဖြစ်ပါတယ်။ ၎င်းမှာ- အာစီယံနိုင်ငံများသည် သတိတမာန် ပိုရှိကြဖို့၊ မြောက်ပိုင်းမှ လှိမ့်ဆင်းလာတဲ့ စိန ပြန်ပြင်ရေးဝါဒီနဲ့ စနစ်ဆိုး ဓမ္မန္တရာယ် တွေရဲ့ နယ်ချဲ့ ကျူးကျော် သိမ်းပိုက်လိုမှု လောဘဆိုး ကြီးကို စောစီးစွာ ကြိုတင် ကာကွယ် ကြဖို့၊ စောစီးစွာ နည်းလမ်း ပြောင်းပြီး စီးပွားရေး ပေါ်လစီအသစ်တွေ၊ အချုပ်အချာ ပိုင်နက်နယ်မြေ ဆိုင်ရာ ပေါ်လစီ အသစ်တွေ ချမှတ်နိုင်ဖို့ ဆော်သြလိုက်ခြင်း။
ဗီယက်နမ်ရဲ့ နည်းဗျူဟာ ပေါ်လစီတွေဟာ အလွန် အဆင့်မြင့်လှပါတယ်။ ဗီယက်နမ် ပြည်သူတွေဟာ လွန်စွာ သတ္တိ ပြောင်မြောက်လှပါတယ်။ ဗီယက်နမ်ခေါင်းဆောင်တွေ ဟာလည်း လွန်စွာ တော်စွမ်းကြပါတယ်၊ ရိုသေ လေးစား ထိုက်ပါတယ်။ ကျွန်တော်သည် မြန်မာလူမျိုး တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း အလားတူ ဆင်တူ ပြဿနာတွေ ရှိပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ဗီယက်နမ်ရဲ့ အဖြစ်အပျက်ကို စာနာထောက်ထား ကြောင်း ဖေါ်ပြလိုပါတယ်။

No comments:
Post a Comment