Monday, December 24, 2012

မြန်မာ့ ဒီမိုကရေစီအသီး မှည့်ပါပြီ


Eleven Media Group ရဲ့ Boss ဖြစ်တဲ့ ဆရာ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ နောက်ဆုံးထွက် ဆောင်းပါး "……ပြောပြချင်ပါတယ်(၁၀)" ကိုဖတ်ပြီး အတွေးတွေ အလျှံပယ်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ဆရာ့ရဲ့ ဆောင်းပါးမှာ ကျွန်တော် အောက်ပါအတိုင်း ကွန်းမင့် ပေးထားတာကို Web friends များအားလုံး မျှဝေခံစားနိုင်ရန် တင်ပြ အပ်ပါသည်။ ဆရာ့ ဆောင်းပါးကို www.news-eleven.com
မှာ ဖတ်ရှု ပါရန်။

ဆရာရေ၊ မိကျောင်းမင်း ရေခင်းပြတယ်လို့တော့ မထင်လိုက်ပါနဲ့၊ ကြိုတင် တောင်းပန်အပ်ပါတယ်။ ဆရာ့ မဂ္ဂဇင်းနဲ့ ဆောင်းပါးကို ကြိုက်လွန်လွန်းလို့၊ ဆန္ဒတွေ မျှော်လင့်ချက်တွေ ပြည့်လျှံနေလို့ ၊ ရင်ဖွင့် လိုက်ခြင်း ဖြစ်ပါတယ် ဆရာ။ အမှားရှိလျှင် ခွင့်လွှတ်သည်းခံပြီး ဝေဖန်ထောက်ပြ ပါဆရာ။

ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ မုချအောင်မြင်မည်၊ မုချ တက်လှမ်းနိုင်မည်ဟု ဖြစ်ပါသည်။ အကြောင်းကတော့ ဘက်စုံ Conditions တွေက ရင့်မှည့်နေပြီး သီးချိန်တန် မှည့်ချိန်တန် ရောက်နေပြီ ဖြစ်တဲ့ ပကတိ တရား ကြောင့် ဖြစ်ပါတယ်။ ဒီလို ရင့်မှည့်တယ်ဆိုရာမှာ ခေါင်းဆောင်ကောင်းတွေပေါ်ထွန်းတာ လည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒီခေါင်းဆောင်ကောင်းတွေရဲ့ နောက်ကနေ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံး စည်းစည်းလုံးလုံး ကြံ့ကြံ့ ခိုင်ခိုင်၊ ပါဝင်လှုပ်ရှားရပါမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံသားတိုင်းက ဝါဒဖြန့်ပြီး အရှိန်အဟုန်ပြင်းစွာ ဖက်လှဲတကင်း ကြိုဆိုဖိတ်ခေါ်ရပါမယ်။ သို့မှသာ ကျွန်တော်တို့ရဲ့ စီးပွားရေး လျင်မြန်စွာ တိုးတက်ပြီး နလံထူနိုင်ပါမယ်။ ဒီနေရာမှာ ခရိုနီတွေဆိုပြီး လက်ညှိုးထိုးတဲ့ အလုပ်ကိုဘေးဖယ်ထားပြီး ခရိုနီတွေလည်း တိုင်းပြည်ကိုချစ်တတ်ပါတယ် ဆိုတဲ့ အသိစိတ်မျိုး မွေးပြီး လက်တွဲ ဆောင်ရွက်ကြဖို့လိုပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးကို တိုးတက်အောင် ရှေးဦးစွာ အလျင် တင်ပေးဖို့ လိုပါတယ်။ ငွေမရှိလျှင် ဘာ အလုပ်မှလုပ်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ သန်းနဲ့ချီပြီး ထောက်ခံသူတွေရှိနေသော်လည်း ငွေမရှိလျှင် ဘာမျှ မလုပ်နိုင်ပါဘူး။ နောက်လိုက်နှစ်သန်းရှိလို့ လူနှစ်သန်းစစ်တပ်ကြီး တည်ထောင်မယ်ဆိုတောင် ငွေမရှိဘဲ ထောင်လို့ မရပါဘူး။ ဒီရှုထောင့်ကကြည့်လျှင် ခရိုနီတွေရဲ့ စီးပွားရေးအမြင်ကမှန်ကန်နေပါတယ်။ အရေးကြီးတာက ခရိုနီတွေလည်း နိုင်ငံကို တကယ်ချစ်မြတ်နိုးအောင်၊ တကယ်ပီသတဲ့ အမျိုးသား အရင်းရှင်များ ဖြစ်လာအောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းပံ့ပိုး ထိန်းကျောင်းပေးဖို့လိုပါတယ်။ Balance လုပ်ပေးဖို့၊ Check လုပ်ပေးဖို့လိုပါတယ်။ ဒီလိုဖြစ်လာဖို့ နိုင်ငံခြား ပေါင်းစုံမှ ဈေးပြိုင်စံနစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အများ ဝင်လာအောင် လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများမှ များများ လာရောက် ရင်းနှီးမြှုပ်နှံအောင် လုပ်ဖို့ လိုပါတယ်။ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဂီတပွဲတော်ဆိုတဲ့ ဆောင်းပါးထဲကလို၊ ခရိုနီတွေက ရံပုံငွေတွေ သိန်းနဲ့သန်းနဲ့ချီပြီး ထည့်တာ အင်မတန် ချီးကျူးသင့်၊ ဝမ်းသာသင့်တဲ့အချက်ဖြစ်ပါတယ်။ ကြိုဆိုသင့်ပါတယ်။ မရှုတ်ချသင့်ပါဘူး။ ဆိုလိုတာက ကျွန်တော်တို့သည် ခရိုနီတွေကိုတောင် ကိုယ့်ဘက်ပါလာအောင် သိမ်းသွင်း စည်းရုံးနိုင်ပြီ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လောကမှာ မည်သူကငွေမမက်ဘဲနေပါ့မလဲ။ ကွန်မြူနစ် မော်စီတုံး တရုတ်ကြီးတောင် ငွေမက်လုံးကို မလွန်ဆန်နိုင်လို့ ကွန်မြူနစ်ကနေ ပြန်လည်ပြင် ဆင်ရေးဝါဒနောက်ကို ကောက်ကောက်ပါအောင်လိုက်ပြီး အမေရိကန် ဒေါ်လာတွေကိုဘဲ တအားဖိရှာနေတာ အခုသူတော်တော် ဌေးသွားပါပြီ။ ငွေဌေးလာတဲ့ တနေ့ ဘာလုပ်လုပ် လွယ်ကူလာပါတယ်။ အကျင့်စာရိတ္တ၊ ethics တို့ဆိုတာ အရေးကြီးတယ်ဆိုပေမဲ့၊ လက်တွေ့မှာ လူတွေဟာ ငွေရဲ့ ညှို့အားကိုလွန်ဆန်နိုင်သူ အလွန်နည်းပါတယ်။ ဒါဟာလည်း သူ့အပြစ်မဟုတ်ပါဘူး။ ဒါဟာ သူနေထိုင်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်း လောက တခုလုံးမှာ ဖြစ်တည်နေတဲ့ ယဉ်ကျေးမှု Culture နဲ့ ဆိုင်ပါတယ်။ လာဘ်စားတယ် ဆိုတာလည်း Culture တခု ပါဘဲ။ ဒီ Culture တွေကိုပြင်ဖို့က ချက်ချင်းမရနိုင်ပါဘူး။ Culture ဆိုတာ အချိန် ဆယ်စုနှစ်၊ ရာစုနှစ် နဲ့ ပြင်ယူရပါတယ်။
မော်စီတုံးလို လက်နက်ကိုင် Revolution နဲ့ အာဏာရယူပြီးလုပ်တာတောင် တရုတ်ပြည်မှာ အခုထက်ထိ လာဘ်စားမှု အဂတိ တွေ ပြန့်နှံ့နေပါတယ်။ ပြန့်နှံ့ရုံမက ကျွန်တော်တို့ မြန်မာနိုင်ငံထဲကိုတောင် ကူးစက် လာတယ်၊ ထိုးဖောက် တင်သွင်းလာပါတယ်။ နှစ်5000 လောက် ရှိတဲ့ တရုတ်ယဉ်ကျေးမှုတောင် လာဘ်စားမှု မပပျောက်နိုင်တာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခရိုနီတွေရှိတယ်ဆိုတာ မဆန်းပါဘူး။ မြန်မာနိုင်ငံက ခရိုနီတွေဟာ ပရွက်ဆိပ်လောက်ဘဲ သေးတဲ့ ခရိုနီ အသေးစားလေး တွေ အဆင့်မှာဘဲ ရှိပါသေးတယ်။ နိုင်ငံတော်ရဲ့စီးပွား ရေးတိုးတက်အောင် ခရိုနီတွေကိုလည်း မျိုးချစ်စိတ်တွေ မွေးလာအောင် လက်တွဲခေါ်ဆောင်ဖို့ လိုပါတယ်။ Major နဲ့ MINOR ကိစ္စတွေကို ခွဲခြားတတ်ပြီး Major Important ဖြစ်တဲ့ ဒီမိုကရေစီ လမ်းစဉ်နဲ့ Investment တွေ တက်လာအောင်၊ စီးပွား ရေးတွေ တဟုန်ထိုး တက်လာအောင် လုပ်ဖို့ လိုပါတယ်။ ဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်လို Political Science ကော Philosophy ပါ တဖက်ကမ်းခတ် ဂုဏ်ထူးနဲ့ အောင်မြင်လာတဲ့ ခေါင်းဆောင်ကြီးက ပိုင်နိုင်စွာ ကိုင်တွယ် ဦးဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် မမှိတ်မသုန် ယုံကြည်ပါတယ်။ သမ္မတကြီးဦးသိန်းစိန်ဟာလည်း နိုင်ငံတော်ရဲ့ ရေရှည် အကျိုးကို ရှုမြင်သုံးသပ်နိုင်တဲ့ အသိအမြင်၊ ဥာဏ်ပညာ၊ အတွေးအခေါ်အယူအဆ၊ စိတ်စေတနာမှန် ရှိသူ လက်ရှိ အာဏာ ရှိ ခေါင်းဆောင်ကောင်းကြီး ဖြစ်ပါတယ်။ ဒီလိုပြီးပြည့်စုံနေတဲ့ Conditions တွေရရှိနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးဟာ နတ်နဂါးကြီးပမာ မြေလျှိုး မိုးပျံသင့်ပါပြီ။
အချုပ်ပြောရလျှင် မှန်အောင်တွေးတတ်တဲ့ အသိတရားသည်သာ အရေးကြီးဆုံးဖြစ်ပါသည်။ Tactics (နည်းလမ်း) သည်သာ အခရာ ဖြစ်ပါသည်။ အသိတရား မှန်လာတဲ့တနေ့ အားလုံးအဆင်ပြေပါမည်။ မောဟတွေလွှမ်းနေသ၍ အမြင်မှန်ကို ရမလာနိုင်ပါ။ အမြင်မှန်မရသေးသ၍ ဒုက္ခ ဝေဒနာတွေမှ လွတ်မြောက်ဦးမည် မဟုတ်ပါ။
Please also visit: facebook account: Tony Yang
blog: tgmyintthein.blogspot.com
*** ပုဂံ ညောင်ဦးဇာတိ၊ ငယ်နာမည် တိုးနီ။

Monday, October 15, 2012

အိပ်စက်အနားယူပြီ

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို ဘုရင့်နောင်စစ်ဆင်ရေးနဲ့ ရန်ကြီးအောင်စစ်ဆင်ရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဦးစီး စစ်ဆင်တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းကြီးလို့ဘဲ ကျွန်တော်ငယ်စဉ်ကသိထားတာပါ။ အဲဒီတုန်းက လေတပ်ဗိုလ် ဗိုလ်ပီတာတို့ ကျဆုံးခဲ့တာကိုလည်း ၀မ်းနည်းစွာမှတ်မိပါတယ်။ ကျွန်တော်အခုအသက်၆၄နှစ်ရှိပါပြီ။ ကျွန်တော့်မိဘဦးလေး အရွယ်ရှိတဲ့ မြန်မာ့ စစ်သူရဲကောင်း၊ စစ်ခေါင်းဆောင်ကောင်း၊ ရဲဘော်သုံးကျိပ်ဝင် လွတ်လပ်ရေး ခေါင်းဆောင်ကောင်း၊ ကိုလိုနီတော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ကောင်း၊ ဆင်းရဲသား ကျောမွဲလူတန်းစား၊ အလုပ်သမား လူတန်းစား လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့ လူထု ခေါင်းဆောင်ကောင်း တဦးကွယ်လွန်သွားသည့်အတွက် ၀မ်းနည်းတသ ဖြစ်ရပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ကွန်မြူနစ်နဲ့ ဒီလောက်ပတ်သက်ခဲ့တာ၊ ကွန်မြူနစ် ဗဟို ကော်မတီဝင် တောင်ဖြစ်ခဲ့ဘူးတာကိုတော့ အခု သတင်းကိုဖတ်ရမှသိရပါတယ်။ ၁၉၇၀ခုနှစ် ပတ်ဝန်းကျင်လောက်က သူ ဗကပနဲ့ အနည်းငယ်ပတ်သက်ကြောင်း သတင်းသဲ့သဲ့ ကြားဘူးပါတယ်။ ဦးလေး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ အားမရစရာဖြစ်ခဲ့ရတဲ့ အချက်ကတော့ အဲဒီ ကွန်မြူနစ်နဲ့ပတ်သက်ခဲ့ပြီး ကွန်မြူနစ်တွေလုံးဝကျဆုံး ပြိုကွဲသွားတာကို သူမျက်မြင်ကိုယ်တွေ့ တွေ့သွားရတဲ့ အချက်ပါဘဲ။ သူရဲကောင်း (Hero) တယောက်အဖို့ ကိုယ်ယုံကြည်ခံယူခဲ့တဲ့ သဘောတရား၊ အရေးတော်ပုံကြီး ပျက်ပြားသွားတာထက်ပိုပြီး စိတ်ထိခိုက်စရာ အကြောင်းမရှိတော့ပါဘူး။ သူ့ရဲ့ နောက်ပိုင်း အသက်အရွယ်မှာ သူယခင်က ရွှေသမင်အလိုက်မှားလို့ လိုက်ခဲ့တဲ့ လမ်းစဉ်အတွက် နောင်တရမိမှာတော့ သေချာပါတယ်။
ကွန်မြူနစ်စံနစ်ဟာ လူတွေကိုများစွာဒုက္ခပေးခဲ့ပါတယ်။ ကွန်မြူနစ်စံနစ်နဲ့ ကွန်မြူနစ်ဝါဒရဲ့ မဟာ အမှားနဲ့ မဟာ ညံ့ဖျင်းချက်ဟာ အပြောနဲ့ အဟော မကိုက်ညီဘဲ အပြောတမျိုး လက်တွေ့တခြား လုပ်ခြင်းပင်ဖြစ်ပါသည်။ ကွန်မြူနစ်သီချင်းထဲကလို International ဒိဋ္ဌ အောင်ရမည်လေးဘာလေး၊ ကယ်တင်ရှင်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးဘာညာနဲ့ (ကွန်မြူနစ်ကသာ ကယ်တင်နိုင်သယောင်ယောင်)၊ အဲသည့်ကွန်မြူနစ်တွေကဘဲ နောက်ဆုံးမှာ မဟာ လူလိမ်ကြီးတွေလုပ်သွားတာ၊ ပြန်လည်ပြင်ဆင်ရေးဝါဒနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားပြီး မိမိ လူတန်းစားရဲဘော်များကိုသစ္စာဖောက်လျက် ရောင်းစားသွားတာ ကွန်မြူနစ်ရဲ့ မဟာအမှားကြီးပါဘဲ။ (ဒီအထဲမှာ ဦးကျော်ဇောတို့မပါပါ။ ဦးကျော်ဇောတို့သည် အင်မတန်တည်ကြည်ဖြောင့်မှန်သူဖြစ်ပြီး ကွန်မြူနစ်ဝါဒ၏ အလိမ်ခံလိုက်ရသည့် သားကောင်များသာဖြစ်သည်ဟုယူဆရပါမည်။) ကွန်မြူနစ်စံနစ်ကို နောက်ဆုံးဝါးမျိုသွားတာကတော့ ကွန်မြူနစ်များသည် ကွန်မြူနစ်ကျင့်စဉ်ကိုတကယ် မကျင့်ကြံမလိုက်နာနိုင်တော့ဘဲ အရင်းရှင်စံနစ်ကသာ သာလွန်သည်ဟု ၀န်ခံအရှုံးပေးပြီး ကွန်မြူနစ်စံနစ်မှ အရင်းရှင်စံနစ်သို့ ပြင်ဆင်ပြောင်းလဲသည့် ပြန်လည်ပြင်ဆင်ရေးလမ်းစဉ်ကို လိုက်ကြခြင်းဖြင့် ကွန်မြူနစ်စံနစ်ကြီးတခုလုံး ပြိုလဲပျက်စီးရခြင်းပင်ဖြစ်ပါသည်။ ဘာလင်တံတိုင်းကြီး ပြိုလဲပျက်စီးသွားပါပြီ။ မြန်မာပြည်ဗကပလဲ အမွှေးတပင်မျှမကျန် ကြက်ပျောက်ငှက်ပျောက် ပြိုလဲပျက်စီးသွားပါပြီ၊ သူ့ဆရာ တရုတ်ကြီးလည်း သူ့ကိုယ်ကျိုးဘဲသူကြည့်လို့ ဗကပကို အသုံးချခံလုပ်ပြီး ရောင်းစားသွားပါသည်။ ဆိုဗီယက်ရုရှားလည်း မရှိတော့ပါ။ မာ့က်စ်လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်လည်း ပြန်လည်ပြင်ဆင်ရေး အတွေးအခေါ်တွေနဲ့ ခိုးကြောင်ခိုးဝှက် အလဲခံလိုက်ရပါပြီ။ အခုသူခေါင်းချသွားသည့် ကွန်မင်မြို့သည်ပင်လျှင် ကွန်မြူနစ်အမည်ခံ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်(အရင်းရှင်လမ်းစဉ်)၏ "ဘူမိနက်သန်" ဖြစ်ပါသည်။ ကိုယ့်အမိမြေမှာ ခေါင်းချမသွားရတာ အင်မတန် ၀မ်းနည်းစရာကောင်းပါသည်။ နောင်တနေ့ အရိုးပြာမှုန့်များကို ကိုယ့်အမိမြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး ဂူဗိမာန်ကောင်းကောင်းဆောက်ကာ ဂါရ၀ အပြုခံသင့်ပါသည်။
May you rest in peace and Heaven.
May you bid farewell to the fallen Communism.

Sunday, August 19, 2012

ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာမှာ...

ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာမှာ...
ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာမှာ အလိုအပ်ဆုံး အရာဟာ ဒီမိုကရေစီစိတ်ဓာတ်ပါ။ ထိုဒီမိုကရေစီ စိတ်ဓာတ်ဖြစ်ပေါ်လာဖို့ ဒီမိုကရေစီ ကောင်းကြောင်း၊ ဒီမိုကရေစီစံနစ်သည် အမှန်တကယ် တိုင်းပြည်နှင့်လူမျိုး၏ အကျိုးစီးပွားကို တိုးတက် ဖွံ့ဖြိုး ချမ်းသာစေနိုင်ကြောင်း သိရှိနားလည် ယုံကြည်ဖို့လိုပါသည်။ ထိုသို့ သိရှိနားလည် ယုံကြည်လာအောင် စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကနေ တတပ်တအား ဝါဒဖြန့် လှုံ့ ဆော်ပေးဖို့၊ ပညာပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ နိုင်ငံနဲ့ လူမျိုးကိုချစ်တဲ့ စိတ်နဲ့ ဒီမိုကရေစီစံနစ်ကို ချစ်မြတ်နိုးတဲ့စိတ် ရှိဖို့၊ သို့မဟုတ်မွေးမြူဖို့ လိုအပ်ပါတယ်။ အရာခပ်သိမ်း၏လှုံ့ဆော်မှုအင်အားသည် အချစ်မှ ဖြစ်ပေါ်လာသည်ဆိုသည့် အချက်ကို ကောင်းစွာ သဘောပေါက်ဖို့လိုပါတယ်။ အချစ်ရှိမှ စေတနာ ဖြစ်ပေါ်လာမယ်၊ စေတနာရှိမှ စိတ်စေတသိက် ဆိုတဲ့ လှုံ့ဆော်မှု အင်အား ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် အချစ်စိတ်သည် ပဓာနပါ။ သို့သော် ထိုအချစ်စိတ်သည် အတ္တဆန်ပြီး သေးသိမ်သော အချစ်မျိုး၊ မိမိ တကိုယ်ရည်ကိုဘဲချစ်သော၊ မိမိမိသားစု တစုတည်းကိုဘဲ ချစ်သောကဲ့သို့ ကျဉ်းမြောင်းတဲ့ အချစ်မျိုးမှ ရုန်းထွက်ပြီး မိမိ ပတ်ဝန်းကျင်၊ မိမိနေထိုင်သော မြို့မှသည် အမိနိုင်ငံ တခုလုံးကိုချစ်သောစိတ် ဖြစ်လာဖို့၊ ပျိုးထောင်ပေးဖို့ လိုပါသည်။ ထိုပျိုးထောင်ပေးမည့် အင်အားသည် ပညာရေးနှင့် လူမျိုးတမျိုး၏ ဂေဟ စံနစ် ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ တတွေသည် ထိုဂေဟစံနစ် ဖြစ်တည်နေအောင်လုပ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါသည်။ တာဝန်အရှိဆုံးကတော့ တိုင်းပြည်ကို အုပ်ချုပ် ဦးဆောင်နေတဲ့ အာဏာလက်ရှိ ခေါင်းဆောင်တွေဘဲ ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် အစိုးရဝန်ကြီးများမှသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များစသည်တို့ ဖြစ်ပါသည်။ ခေါင်လုံ မှ မိုးလုံနိုင်ပါမည်။ ဆိုလိုတာက ခေါင်သည် အရေးကြီးဆုံး ဖြစ်ပါသည်။
စေတနာမှန်တဲ့ အချစ်စိတ်ရှိခဲ့လျှင် ဆုံးဖြတ်ချက်တွေ မဲခွဲဆုံးဖြတ် ချမှတ်ရာမှာ အမှားတွေ လျော့နည်းပြီး အမှန်တွေဘဲ ဖြစ်ဖို့ များပါတယ်။ အချစ်စိတ်နဲ့ စေတနာမှန်က အကျိုးပေးမှာကိုး။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ ရာနှုံးပြည့် အရင်းအနှီးဖြင့် ဝင်လာမည့် မြှုပ်နှံမှုမျိုးကို မတားဆီး တဲ့အပြင် သာ၍တောင် ကြိုဆိုရမည်ဖြစ်ပါသည်။ ကျွန်တော်တို့ ကန့်သတ် တားဆီးရမည့် အရာသည် Stock Exchange, Share Market တွေလို ငွေပူတွေနဲ့ ဝင်လာပြီး Market ကို ခြယ်လှယ် မွှေနှောက်နိုင်တဲ့ အရာမျိုးကို တားရမှာပါ။ အဲဒါက Stock Exchange ဥပဒေတွေ သီးသန့် ရှိရမှာ ဖြစ်ပါတယ်။ ထုနဲ့ထည်နဲ့ အတည်တကျ စက်ရုံတည်၊ ကုမ္ပဏီဖွင့်မယ့် လုပ်ငန်းတွေဟာ ငွေပင်ငွေရင်း (FE) မြောက်များစွာကို ကိုယ့်နိုင်ငံထဲသို့ ယူဝင်လာပြီး ကိုယ့်နိုင်ငံအတွက် ငွေရင်းငွေနှီး လှည့်နိုင်ဖို့ များစွာ အထောက်အကူပြုမည့် လုပ်ငန်းများ ဖြစ်ပါတယ်။ ဒါကိုမူလက ပြည်တွင်းဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်လို့ အခွင့်ထူးရနေတဲ့ အမျိုးသား အရင်းရှင်တစုက မိမိကိုယ်ကျိုး တခုတည်း ကိုဘဲကြည့်ပြီး ဟန့်တား ပိတ်ပင်နေရင် စစ်မှန်တဲ့ ပြည်ချစ်စိတ်မဟုတ်ပါဘူး။ ငါ့ဘို့ တစ်ဘို့တည်း မကြည့်ဘဲ တမျိုးသားလုံး အကျိုးကိုကြည့်လျှင် ထိုရင်းနှီးမြှုပ်နှံမှုမျိုးကို ကောင်းစွာ ဖိတ်ခေါ်သင့်ပါသည်။
ကျွန်တော်တို့နိုင်ငံကငယ်တော့ ကျွန်တော်တို့ လူမျိုးရဲ့ အတွေးနဲ့စိတ်သဘော ကလည်း သေးငယ်နေပါတယ်။ ကမ္ဘာ့ဘဏ်က ထောက်ပံ့ကြေး US$ ၈၅ သန်းထောက်ပံ့မည် ဆိုတာမျိုးကိုခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပါသည်။ တရုတ်ကြီးလို အခုလတွေမှာ လစဉ်လစဉ် နိုင်ငံခြား ငွေရင်းငွေနှီးတွေ US$ ၅၀ ဘီလီယံ နှုတ်ထွက် သွားနေတာမျိုး ကြုံရင် ဘယ့်နှယ် လုပ်မလဲ။ လစဉ် ၅၀ဘီလီယံဆိုတာ တနှစ်ဆိုလျှင် ၆၀၀ဘီလီယံ၊ နှစ်နှစ်ဆိုလျှင် ၁.၂ ထရီလျံ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကငယ်တယ်ဆိုပေမဲ့ တောင်ကိုရီးယားထက်များစွာကြီးပါတယ်၊ စင်ကာပူ မလေးရှားထက်လည်း များစွာ ကြီးပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား တို့ထက်တော့ တိုးတက်သင့်ပါတယ်၊ ချမ်းသာသင့်ပါတယ်။ ထိုသို့တိုးတက်အောင် ကိုယ့်နိုင်ငံအဆင့်နဲ့ ကိုက်ညီတဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ အတွေးတွေရှိဖို့ လိုပါတယ်။

Wednesday, May 2, 2012

ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အောင်မြင်စွာ ချီတက်ကြပါစို့

ပူးပေါင်းဆောင်ရွက်မှု=cooperation, အပေးအယူညှိနှိုင်းရယူမှု=compromise, စည်းလုံးညီညွတ်မှု=unity ဟု ဘာသာပြန်ဆိုလိုက်ချင်ပါသည်။ ဤအချက်သုံးချက်ပြည့်စုံလျှင် အရေးကိစ္စတခုသည် အောင်မြင်နိုင်ပါသည်။ မနေ့က NLD ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ထဲသို့ တညီတညွတ်ထည်း ကျမ်းကျိန် ၍ အစည်းအဝေးတက်ရောက်တာ မြင်ရတော့ ပီတိသောမနဿ ဖြစ်ရပါသည်။ ဒီတပတ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း လာသွားတုန်းကလည်း COMPROMISE နှင့် FLEXIBILITY ကို အဓိကထားပြီးပြောသွားပါသည်။ ထို့ အပြင် ဤအချိန်သည် ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အရေးကြီး အချိန်ဖြစ်ပါကြောင်း MESSAGE ပေးသွားပါသည်။ ကျွန်တော်ကလည်း မစ္စတာ ဘန်ကီမွန်း၏ message သည် အရေးကြီးသော message ဖြစ်သည်ဟု ပြောချင်ပါသည်။ သမိုင်းကိုပြန်ကြည့်လျှင် နိုင်ငံရေးတွင် ဆန့်ကျင်ဘက် အင်အားစု သို့မဟုတ် အတိုက်အခံ အင်အားစုတို့သည် အခါအားလျော်စွာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကြပါသည်။ တွဲတဲ့ အခါ တွဲ၍ ခွဲတဲ့အခါလည်း ခွဲကြပါသည်။ တရုတ်ပြည် ကွန်မြူနစ်ပါတီနှင့် ကိုမင်တန်ပါတီတို့သည် ရန်သူတမျှ လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ကြားထဲက နှစ်ကြိမ်တိုင်တိုင် ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့ဘူးပါသည်။ တောင်အာဖရိက apartheid လူမျိုးခွဲခြားမှု ဆန့်ကျင်ရေးနှင့် လူမှုတော်လှန်ရေးကြီးတုန်းကလည်း မစ္စတာ မန်ဒဲလား ဦးဆောင်တဲ့ ANC အဖွဲ့ဟာ နောက်ဆုံးတွင် လူဖြူ အစိုးရနှင့် COMPROMISE ရပြီး အာဏာ လွှဲပြောင်း ရယူခဲ့ပါတယ်။ လစ်ဗျားအရေးမှာတော့ COMPROMISE မရလို့ ပြည်တွင်း စစ်ဖြစ်ပြီး စစ်ဒဏ် တွေခံခဲ့ ရပါတယ်။ အခု လက်ရှိ SYRIA အရေးမှာလည်း COMPROMISE မရလို့ ပြည်တွင်းစစ် အဆင့် နီးပါး စစ် တွေဖြစ်ပွားလို့ လူထု ကြီးမှာ စစ်ဒဏ်ကိုခံနေရပါသည်။ အခုတလော MALI နိုင်ငံမှာလည်း နိုင်ငံရေး အကျပ်အတည်းမှာ COMPROMISE မရလို့ ဗိုလ်ကြီးအဆင့် CAPTAIN တဦး ဦးဆောင်တဲ့ တပ်ဖွဲ့က စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး အာဏာ အပြောင်းအလဲဖြစ်ပွားခဲ့ပါတယ်။ ထိုအချက်များကိုကြည့်ခြင်းအားဖြင့် COMPROMISE ဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ သိသာထင်ရှားနေပါတယ်။ တိုင်းပြည်မနာစေချင်ရင် COMPROMISE များများလုပ်ပါ။ COMPROMISE နှင့် COOPERATION ကိုရအောင်ယူပါ။ ယ္ခုကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ NLD ကော ပါဝင်လာပြီမို့ COMPROMISE ကော COOPERATION ပါ ကောင်းစွာ ရရှိလာပြီဟု ဆိုနိုင်ပါသည်။ ဒါဟာ နိုင်ငံတော် အတွက်ကော နိုင်ငံရေးပါတီ ပေါင်းစုံ အတွက်ပါ ကြီးမားတဲ့ အောင်မြင်မှုကြီးတရပ်ဖြစ်ပါတယ်။ လူထုကြီးအတွက်လည်းအောင်မြင်မှု အသီးအပွင့် တွေ ဝေဝေဆာဆာ ဖြစ်ထွန်းစေပါတယ်။ SANCTIONS တွေဖြုတ်လို့ ရင်းနှီး မြှုပ်နှံမှုနှင့် ထောက်ပံ့ ကူညီမှုတွေ အများကြီး ဝင်လာတော့မှာပါ။ ဒီထောက်ပံ့ကူညီမှုတွေဟာ တိုင်းပြည်နဲ့ လူထုကြီးဆီရောက်မှာပါ။ ဒီမိုကရေစီ အင်အားစု လက်ထဲသို့လည်း ရောက်ရှိမှာပါ။ လူတစုစာ စစ်အုပ်စု လက်ထဲဘဲရောက်မယ်ဆိုတဲ့ အပြောဟာမှားပါတယ်။ ဒီအပြောဟာ ကြားကသပ်လျှိုလိုတဲ့ အဖျက်သမားတွေရဲ့ အပြော ဖြစ်ပါတယ်။ ထိုလှည့်ကွက် ထောင်ချောက်ထဲ မကျပါစေနဲ့။ ကြားကသပ်လျှိုချင်တဲ့ ရန်သူတွေ မလိုလားဆုံး အရာသည် အမျိုးသားရင်ကြားစေ့ရေးနှင့် ချစ်ကြည်ပေါင်းစည်း ညီညွတ်ရေးပင်ဖြစ်ပါသည်။ အကူအညီပေးမယ့် အနောက်အုပ်စု နိုင်ငံတွေဟာ လူအ,တွေမဟုတ်ပါဘူး။ သူတို့ပေးတဲ့ အကူအညီသည် လူထုလက်ထဲ ရောက်အောင် သူတို့ ပေးတတ်ပါသည်။
ဤနည်းအားဖြင့် ကျွန်တော်တို့နိုင်ငံတော်ရဲ့ စီးပွားရေး နလံထူလာနိုင်ပါမည်။ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာပါမည်။
ထို့ကြောင့် မေလ ၂ ရက်နေ့ကို ပူးပေါင်းဆောက်ရွက် ညီညွတ်ရေးနေ့ နေ့ထူးနေ့မြတ် အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ် ပွဲတော် ကျင်းပပေးရန် အဆိုပြု အပ်ပါသည်။
We welcome evolution. We also welcome industrial revolution, scientific and technological revolution, but we don’t like armed revolution, because it’s a catastrophe.
Please visit: tgmyintthein.blogspot.com
(also) tgmthein.blogspot.com

Tuesday, May 1, 2012

အတွင်းရေးမှူးချုပ်ကို ကျေးဇူးတင်ပါသည်

ခုနကဘဲ တယ်လီဗီးရှင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့တွေ့ဆုံတဲ့ အကြောင်း Aljazeera ကနေ live လွှင့်သွားတာကို ကြည့်လိုက်ရတယ်။
(တစ်အချက်) ခံစားမိတာက မင်္ဂလာရှိလိုက်တဲ့ သတင်းပါဘဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး အခုတလော မင်္ဂလာ တွေ ထပ်လောင်းထပ်လောင်း ရရှိနေတယ်။
(နှစ်အချက်) က အတွင်းရေးမှူးချုပ်ကိုမြင်တိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို မြင်ယောင် သတိရမိတယ်။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်း ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာလည်တာဟာ ထပ်ဆင့် ဂုဏ်ရှိတဲ့ သတင်းဖြစ်ပါတယ်။ အီတလီ နိုင်ငံခြားရေးဝန်ကြီး၊ ဂျာမန်နိုင်ငံ ခြားရေးဝန်ကြီးတို့လည်း မနေ့တနေ့ ကမှ လာလည်သွားတာပါ။ ဒါတွေအားလုံးဟာ အိမ်သာလို့ ဧည့်လာ ဆိုတဲ့ စကားအတိုင်း သာယာ အေးချမ်း ကောင်းမြတ်တဲ့ အသွင်လက္ခဏာ တွေကိုပြနေပါတယ်။
(သုံးအချက်) က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောသွားတဲ့ စကားထဲမှာ ကုလသမဂ္ဂ အနေနဲ့ ကော ကမ္ဘာ့ မိသားစု အနေနဲ့ ပါ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးတွေကို အသိအမှတ်ပြုပြီး ကူညီ အားပေးမှုတွေ ပြုလုပ်သွားမယ်ဆိုတာပါပါတယ်။ နောက်တချက်က လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကိုလည်း အလေးထား ပြောကြားသွားပါတယ်။
(လေးအချက်) က ကုလသမဂ္ဂသို့ အလည်အပတ်လာရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားသွားပါတယ်။
(ငါးအချက်) က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီမှ လွှတ်တော်ကိုယ်စားလှယ်များသည် လူထုကြီးနှင့် မိတ်ဆွေလူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း များ၏ ဆန္ဒကို လေးစား လိုက်လျောသော အားဖြင့် မေလ ၂ရက်နေ့တွင် လွှတ်တော်သို့ ကျမ်းကျိန်ကာ တက်ရောက်မည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက် တာကို ကြားသိရသဖြင့် ထခုန်လုမတတ် ဝမ်းမြောက် ပျော်မြူးရပါသည်။ ဒီပျော်ရွှင်မှုကြီးဟာ လူထုကြီး တရပ်လုံးက မျက်ရည် ဖြိုင်ဖြိုင်နှင့် ပျော်ရွှင်ရတဲ့ ဝမ်းနည်း ဝမ်းသာ ပျော်ရွှင်မှုကြီး ဖြစ်ပါသည်။ အလာနှောင်းပေမဲ့ အခါ မနှောင်းသေးပါဘူး။ ဒီပျော်ရွှင်မှုကြီးသည် အောက်ခြေလွတ်ပြီး ပျော်ရွှင်တာမျိုးမဟုတ်ပါ။ ငါတို့ ရှေ့လျှောက်ရမည့်လမ်းသည် ပန်းအပြည့်ခင်းထားသော ကော်ဇောလမ်း မဟုတ်သေးတာကို သိပါသည်။ သို့သော် အာရုံဦး ရောင်ခြည်သန်းနေတာကိုတော့ ကောင်းစွာ မြင်တွေ့နေရပါပြီ။ ကိုယ်က ပြည်သူလူထုကြီးကိုယုံကြည်ကိုးစား သလောက် ပြည်သူလူထုကြီးကလည်း ကိုယ့်ကို ယုံကြည်ကိုးစားသည်။ သားရဲတွင်းထဲ မဝင်ဘဲ ကျားငယ်လေးတွေကို မည်သို့ ရနိုင်ပါမည်နည်း ဆိုသည့် စကားပုံ အတိုင်း သတ္တိရှိဖို့ လိုပါသည်။ ဘောလုံးပွဲမှာ လည်း တဖက်အသင်းကို ဂိုး ကျောပေးပြီး ကန်ရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စိတ်ဓာတ်ရှိရပါမည်။ တဖန် လူထုကြီးကို အလုပ်အကျွေးပြုမည် ဆိုသည့် အနစ်နာခံမှု မေတ္တာတရား ရှိရပါမည်။ ဤအချက်သုံးချက်ပြည့်စုံလျှင် အရပ်ရှစ်မျက်နှာမှ လူ့အလွှာ အားလုံးသည် ကိုယ့်နောက်သို့ လိုက်ပါလာမည်မှာ ဧကန်မလွဲပါ။ ထိုနည်းအားဖြင့် ခေါင်းဆောင်ကောင်း သူရဲကောင်း တို့၏ဂုဏ်အင်္ဂါကို ပြသ နိုင်ပါလိမ့်မည်။
(ခြောက်အချက်) က ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး အခါ တော် ပေးကောင်းလို့  ရွှေလမ်းငွေလမ်းတွေ  ပေါ်ထွန်း လာပြီး ရွှေမိုးငွေမိုးတွေ ရွာသွန်းနေပါပြီ။

Friday, April 20, 2012

ကြားလေသွေးတာ မခံနိုင်ပါ

ဒီနေ့ဆို သမ္မတကြီး ဂျပန်ပြည်ကို တရားဝင်အလည်အပတ်သွားရောက်တော့မည်ဖြစ်ပါသည်။ နောက်လဆန်းတွင် အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ် လာရောက် တော့ပါမည်။ အရာခပ်သိမ်းတို့သည် မင်္ဂလာ အပေါင်းတို့ ကိုညွှန်ပြနေပါသည်။ အတိတ်ကောင်း နိမိတ်ကောင်း တွေချည်းဖြစ်ပါသည်။ သင်္ကြန်ပွဲတော်ဆင်နွဲလို့ အားမရသေးဘူး၊ နှစ်ဦးပွဲတော်ပါ ဆက်လက် ဆင်နွဲရမလို ဖြစ်နေပြီ။ NLD အဖွဲ့ကို လွှတ်တော်ထဲ ရောက်စေချင်လို့ လူထုက မဲ အပြတ်အသတ်နှင့် တင်မြှောက်လိုက်ပါပြီ။ ရှေ့ဆက်ကပြရမှာက NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလုပ်ဖြစ်ပါသည်။ ဘာဘဲပြောပြော အရာခပ်သိမ်း တို့သည် ပေါင်းစည်းညီညွတ်၊ ချစ်ကြည်စည်းလုံးရေးသို့ ဦးတည် နေပါသည်။ ဒါဟာ ဆဋ္ဌမ မြန်မာနိုင်ငံ တော်ကြီးရဲ့ ကြီးမြတ်တဲ့ ဘုန်းတန်ခိုး အရှိန်အဝါကို ရောင်ခြည်တော်တွေ အားဖြင့် ကွန့်မြူးပြသနေခြင်း ဖြစ်ပါသည်။ ဒီလိုအချိန်အခါမျိုးမှာ မင်္ဂလာစကားတွေကို တွင်တွင်ပြောဆိုကြပါစို့။ မေတ္တာ ဂရုဏာတွေ ပွားများကြပါစို့၊ ဘုရားကျောင်းကန်တွေကို များများတက်ကြစို့၊ တရား ဘာဝနာ တွေများများ ပွားများကြပါစို့။  တခု ဂရုပြုရမည်မှာ ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်မှု တွေတသီတသန်းကြီး ရနေတဲ့ အချိန်မှာ မရှုစိမ့် မမြင်စိမ့် မနာလိုတဲ့ အဖျက်သမား တွေက ငါ မင်းသားကြီး မလုပ်ရလို့ ဆိုပြီး ပတ်မကြီးကို လက်သီးနဲ့ ဖောက်ထိုးပစ်မှာကို သတိထား ကာကွယ်ဖို့ လိုပါတယ်။ အခုတလော သတင်းထဲမှာ ဘာ ဘန်ကောက် ပို့(စ်)သတင်းထဲမှာ ဒီပဲယင်း အကြောင်း ပါတယ်လို့ ကြားသိရတယ်။ ဒါ သတိပြုရမယ့် အချက်ဖြစ်ပါတယ်။ ဘာကိုသတိပြုရမလဲဆိုတော့ ကြားကနေ မလိုတမာ ဖျက်ဆီးချင်တဲ့ လူတွေရဲ့ အန္တရာယ် ကိုကာကွယ်ဖို့ လုံခြုံရေးတွေပိုပြီး ကောင်းအောင် လုပ်ဖို့လိုပါတယ်၊ သတိဝိရိယ ထားဖို့လိုတယ် ဆိုတဲ့ အချက်ပါဘဲ။ လုံခြုံရေးဆိုတာ ဘယ်သောအခါမျှ သတိမလစ်သင့်ပါ။ နိုင်ငံကို ခေါင်းဆောင်မယ့် နိုင်ငံရေးသမား ပြည်သူ့ ကိုယ်စားလှယ်များသည် လုံခြုံ ရေးကို ပို၍ ဂရုပြုသင့်ပါသည်။ ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လုံခြုံရေး ကိုတောင် မကာကွယ်နိုင်လျှင် တိုင်းနိုင်ငံ တခုလုံးရဲ့ လုံခြုံရေးကို အဘယ်သို့ ကာကွယ်နိုင်မှာနည်း။ အရေးကြီးဆုံး အချက်က ပေါင်းစည်းညီညွတ်မှုရနေပြီဖြစ်တဲ့ ဒီမိုကရေစီ အောင်မြင်မှုကြီးကို ကြားကသပ်လျှို ဖျက်ဆီးမယ့် အန္တရာယ်ပါဘဲ။
နိုင်ငံရေးလုပ်တယ်ဆိုတာ ကျားချ (chess ကစား) သလိုပါဘဲ။ ကျားပွဲနိုင်ချင်လျှင် ကျားကွက်ကိုပိုင်နိုင်ရတယ်။ ကျားကွက် ဆိုတာဘာလဲ။ ကျားကွက်ဆိုတာ အကြွေး၊ အစား၊ အရွှေ့၊ အပြောင်းပါဘဲ။ ကိုယ်က pawn ကိုကြွေးမှ bishop ကို စားနိုင်တဲ့ အခွင့်အရေးရရှိမှာပါ။ ဘာမှ မကြွေးဘဲ အနိုင်ရတဲ့ ကျားပွဲရယ်လို့ မရှိပါဘူး။ ဆိုလိုတာက အနစ်နာခံသင့်တဲ့ အခါ အနစ်နာခံတတ်ရတယ်။ ဒါမှ ပိုမိုကြီးမားတဲ့ အောင်မြင်မှု တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလက်ငင်း အချိန်မှာ တမျိုးသား လုံးက အပူတပြင်း တောင့်တ နေတဲ့ အရာဟာ တမျိုးသားလုံး ချစ်ကြည် ညီညွတ် ပေါင်းစည်း ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဘဲ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ ဆန္ဒကို ကြိုးပမ်း ဖြည့်ဆီး  ပေးနိုင်သူသည် ပြည်သူလူထုကြီး၏  ယုံကြည်ကိုးစားမှုကို  ရရှိပြီး အောင်မြင် မှုတွေ ဆက်ခါဆက်ခါ ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဒီမိုကရေစီ ခေတ်ကြီးကို ရောက်လာတဲ့ အချိန်မှာ ပြည်သူ့ဆန္ဒထုတ်ဖေါ်ခွင့်၊ စီတန်း လှည့်လည် ဆန္ဒပြခွင့်၊ အရေးဆိုခွင့် ဆိုတာတွေ ဟာလည်း ဥပဒေအရ အကာအကွယ်ပေး ခွင့်ပြုတဲ့ ပြည်သူ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ အလယ်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ပြည်သူ့ တပ်မတော်က တာဝန်ယူ ကာကွယ်မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ သည် အရေးကြီးပါသည်။ သို့သော် ရာခိုင်နှုံး အချိုးအစားကိုတော့ လွှတ်တော် ထဲမှာ ဆွေးနွေးလို့ ရပါသည်။ အခြေခံဥပဒေဘောင်နှင့် လွှတ်တော်ဘောင် အတွင်းကနေ လုပ်ရမည့် ကိစ္စ ဖြစ်ပါသည်။ ဒီမိုကရေစီ ခေတ် ရောက်လာပြီမို့ ဒီမိုကရေစီ ဆန်ဆန် ဆွေးနွေးတိုင်ပင် ကြရတော့မှာ ဖြစ်ပါတယ်။ အားလုံးဟာ အချင်းချင်းတွေပါ ဆိုတဲ့ စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ရှိဖို့သည်သာ အရေးကြီးဆုံး အချက် ဖြစ်ပါသည်။
ကြားလေသွေးတာ မခံနိုင်တယ်၊ ဒီဆောင်းရယ်က ချမ်းအေးလွန်းတယ်၊ နွေးနွေးထွေးထွေး ဖက်ထားပါ မောင်ရယ်.

Wednesday, April 18, 2012

ဗြိတိသျှ ဝန်ကြီးချုပ်၏ လက်ဆောင်မွန်

အပေါင်းအသင်း ရောင်းရင်း တို့ရေ၊ မင်္ဂလာရှိလှတဲ့ အတာသင်္ကြန နှစ်သစ်ကူးအချိန်မှာ မင်္ဂလာရှိလှတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သွားတာ အင်မတန် အရေးကြီးတဲ့ သတင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဗြိတိသျှလို့ ပြောလိုက်တိုင်း ကိုလိုနီနယ်ချဲ့ဆိုတာကို သွားပြီးဆက်စပ်တွေးတော ကြတယ်။ ဂျပန်လို့ ပြောလိုက်တာနဲ့ ဖက်ဆစ်ဂျပန်နယ်ချဲ့ ကျူးကျော်ရေးသမားလို့ ဆက်စပ်ပြီးတွေးတောကြပြန်ရော။ ဒါတွေဟာ Pre-conditions တွေချမှတ်ထားခြင်းဖြစ်ပါတယ်။ အတွေးအခေါ်ရေးရာ ပညာရပ်မှာ Presumptions တို့၊ Pre-conditions တို့ ဆိုတာတွေကို နေရာတကာမှာ ထည့်ထည့်သုံးရင် မှန်ကန်တဲ့ reasoning နဲ့ analysis တွေကို မရရှိနိုင်ပါဘူး။ ကျွန်တော်တို့ သည် rational reasoning တွေရရှိနိုင်အောင် rational thinking methods တွေရှိဖို့လိုပါတယ်။ ဆိုလိုတာက တယူသန်တဲ့ pre-conditions တွေထားပြီး မတွေးခေါ်သင့်ပါဘူး။ သို့မှသာလျှင် မှန်ကန်တဲ့ အဖြေကို ရရှိနိုင်ပါမယ်။ Digital computer ခေတ်ကြီးမှာ ကျွန်တော်တို့ ရဲ့ အတွေးအခေါ်၊ တွေးနည်းကြံနည်း တွေဟာလည်း ခေတ်နဲ့ အညီ တိုးတက်နေဖို့လိုပါတယ်။
(၁) အချက်။ အခုလာရောက်လည်ပတ်သူသည် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ပထမဦးဆုံး ဗြိတိသျှ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ (၂၀၁၂ - ၁၉၅၅ = ၅၇ နှစ်)
(၂) ဒီခရီးစဉ် အတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးသည်။ နောက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းတွေ့ဆုံ ဆွေးနွေးသည်။
(၃) အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ sanctions တွေကို ဖြေလျှော့ပေးဖို့နဲ့ ဆိုင်းငံ့ထားဖို့ တိုင်းသိပြည်သိ ပြောကြားသွားသည်။
(၄) မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သည် အမှန်တကယ် နောက်ပြန်မလှည့်စတမ်းနှင့် ထိထိရောက်ရောက် ဆက်လက် ဖေါ်ဆောင်သွားမည်ဟု  မျှော်လင့်ကြောင်း၊  မြင်တွေ့လိုကြောင်း
ပြောကြားသွားသည်။
(၅) အထက်ပါ အကြောင်းအရာများသည် openly ကြေငြာ သွားသော သတင်းဖြစ်ပါသည်။ openly မကြေငြာ တာတွေကျတော့ ကျွန်တော်တို့ မသိရှိပါဘူး။ ရမ်းမှန်း မှန်းကြဖို့သာရှိပါတယ်။ အမှန်းမှန်တဲ့လူ သည်ကြီးပွားမည်။ မှားတဲ့လူကတော့ နောက်ကောက်ကျ ကျန်ရစ်ရုံသာရှိပါသည်။ တချို့တရုတ်ကြီးတွေကတော့ ရန်ကုန် မြေဈေးတွေကို bullish လို့မြင်ပြီး အကြီးအကျယ် ဝယ်နေကြပါသည်။ (နာမည်ခံလူစားရှာပြီးတောင် ဝယ်ကြပါသည်။) တချို့ကျတော့ bear လို့ထင်ပြီး ပြန်ရောင်းကြပါသည်။ ကျွန်တော်ကတော့ bullish လို့ ထင်ပါသည်။
(၆) တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ open မကြေငြာသွားတဲ့ အချက်တွေက ကျွန်တော်တို့ အတွက် ပို၍အရေးကြီးပါသည်။
(၇) စစ်အစိုးရ စစ်ထွက်ဟောင်းတွေဆိုပြီး မလိုမုန်းထား စိတ် ကို pre-conditions အဖြစ်ထား၍ မတွေးတောသင့်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ထိုသို့တွေးတောလျှင် မှားယွင်းတဲ့ အဖြေတွေ ဖြစ်ပေါ်လာနိုင်တာမို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်သား ဗိုလ်ချုပ်တယောက် မဟုတ်ပါလား။ ဗိုလ်ချုပ်ကိုစစ်သားဆိုပြီး မုန်းလို့ဖြစ်မလား။ အမှားအမှန်ဆိုတာ လက်ညှိုးမကောင်း လကညှိုး၊ လက်မ မကောင်း လက်မ ပေါ့။ ဝါးလုံးရှည်နဲ့ တလှေ လုံး ရမ်းရင် မှားသွားမှာပေါ့။ ဖက်ဆစ်ဂျပန်နဲ့ နာဇီ ဂျာမန်တွေလည်း ဒုတိယကမ္ဘာစစ်ကြီးမှာစစ်ရှုံးလို့ လက်နက်ချ အညံ့ခံပြီး သူ့လူတွေကို ကျွန်တော်တို့ အခုထက်ထိ ကောင်းမွန်စွာ လက်ခံ ဆက်ဆံနေတယ် မဟုတ်ပါလား။ ဖက်ဆစ် နာဇီတွေဆိုပြီး ဂျပန်နဲ့ ဂျာမန်ဟူသမျှကို မဆက်ဆံလို့ရမလား။
(၈) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်လည်း မြန်မာနိုင်ငံကို လာလည်သွားပါသည်။ သူမဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က ဖက်လဲတကင်း နှုတ်ဆက်သွားပုံကို ကျွန်တော် မြင်ယောင်နေမိပါသည်။ အမေရိကန်ရဲ့ အာရှဘက်ကို ပြန်လှည့်လာပြီဆိုတဲ့ မဟာဗျူဟာကို ကျွန်တော်တို့ မျက်ခြေမပြတ်သင့်ပါ။ အမေရိကန်ရဲ့ Soft Power နဲ့ Smart Power ကို လေးလေးနက်နက် ရှုမြင်ရပါမည်။ တမြန်နေ့ကဘဲ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အသစ်ရွေးချယ်ရာမှာ အမေရိကန်သမ္မတ အိုဘားမား အဆိုပြုတဲ့ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး မစ္စတာ Jim Yong Kim ကို ဥက္ကဋ္ဌ အဖြစ်ရွေးချယ် တင်မြှောက်လိုက်ပါပြီ။ ထောက်ခံမဲထဲမှာ ရုရှားလည်း အပါအဝင်ဖြစ်ပါသည်။ ထွန်းသစ်စ စီးပွားရေး အင်အားကြီး ငါးနိုင်ငံဖြစ်တဲ့ BRICS ငါးနိုင်ငံ လည်း ဘာမှ မတတ်နိုင်ပါ။ (သူတို့လူကို ဥက္ကဋ္ဌရာထူးမှာ တင်ပေးချင်တာ မအောင်မြင်ပါ)။ အမေရိကန် ဒေါ်လာ ငွေစက္ကူရဲ့ ကမ္ဘာသုံး ငွေကြေး အဆင့်အတန်းကို မည်သူမျှ စိန်မခေါ် နိုင်သေးပါ။
(၉) ၂၀၁၄ ခုနှစ်ရောက်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံသည် အာစီယံဥက္ကဋ္ဌရာထူးကို ရယူတော့ပါမည်။ ကမ္ဘာ့ နိုင်ငံရေး အထူးသဖြင့် အာရှနိုင်ငံရေးဇာတ်ခုံမှာ အလွန်အရေးပါတဲ့ ရာထူးဖြစ်ပါသည်။
(၁၀) ဥရောပ စီးပွားရေးနှင့် အမေရိကန်၏စီးပွားရေးသည် စိုးစဉ်းမျှ ကျဆင်းခြင်းမရှိပါ။ ယူရိုငွေ၊ ပေါင်စတာလင်ငွေနှင့် အမေရိကန် ဒေါ်လာငွေတို့သည် အခိုင်မာဆုံး ကမ္ဘာသုံး လည်ပတ်ငွေများ ဖြစ်မြဲဖြစ်လျက်ပါ။ အမေရိကန်သည် World financial crisis မှ ဖြစ်ပေါ်လာတဲ့ financial turmoils နှင့် financial mismanagements တွေကို re-adjust လုပ်ဖို့ အတွက် ဒေါ်လာငွေတွေကို မြောက်များစွာ နှိပ်ထုတ်လိုက်ပါသည်။ သူ့ရဲ့ အဓိက ပစ်မှတ်ကတော့ တရုတ်ကြီးဖြစ်ပါသည်။ တရုတ်ကြီးက အမေရိကန်ဒေါ်လာတွေကို အငမ်းမရ သိမ်းကျုံး ဖြားယောင်း ရှာယူခဲ့တဲ့ အတွက် အခုတော့ ခံလိုက်ရပြီပေါ့။ အမေရိကန်ကို ငွေစက္ကူ မနှိပ်ရဘူးလို့ သူ အမိန့်ပေးခွင့် မရှိပါ။ အမိန့်ပေးနိုင်သည့် အရည်အချင်းလည်းမရှိပါ။ ထိုသို့ စွက်ဖက်ခွင့်လည်းမရှိပါ။ ထိုသို့မဖြစ်ရုံမက တရုတ်ကြီးသည် အမေရိကန်ကို ကပ်ဖားပြီး အမေရိကန် ဒေါ်လာ State bonds တွေကို ဘီလျံပေါင်း မြောက်များစွာ ဆက်လက်ဝယ်ယူတုန်းပါဘဲ။ အလားတူဘဲ ယူရိုငွေ bonds တွေကိုလည်း ဝယ်နေဆဲပါဘဲ။ ဒါဟာ တရုတ်ကြီး လိမ္မာပါးနပ် တဲ့ သဘောပါ။ တခြားလူတွေ အမေရိကန်နား ကပ်တာကျတော့ သူလက်မခံပါ။
(၁၁) အထက်ပါ အကြောင်းအရာများကို ခြုံ ငုံကြည့်ရင် ကျွန်တော်တို့မြန်မာနိုင်ငံ ဘယ်လို ပေါ်လစီတွေ ချမှတ်သင့်တယ်၊ ဘယ်လိုလမ်းစဉ်ကို လိုက်သင့်တယ် ဆိုတာ ရှင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့ နိုင်ငံတော်အတွက် ရွှေလမ်းငွေလမ်းပွင့်မည့် ရွှေတုံး ကြီးဖြစ်ပါတယ်။ သူမသည် sanctions တွေကိုမရုပ်သိမ်းအောင် တားမယ်လို့ ကျွန်တော် လုံးဝ မယုံကြည်ပါ။ စကား အရာအရ လျှော့ပြောသည် ရှိသည့်တိုင်အောင် ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဈေးကွက်ထဲ အချိန်မှီ ဝင်နိုင်အောင် အခြေအနေ ဖန်တီးပေးနေခြင်းဘဲ ဖြစ်တယ်လို့ ယူဆရပါမည်။ မြေဈေးတွေ Stock share ဈေးတွေ ခေါင်ခိုက်အောင် တက်ပြီးမှ ကျွန်တော်တို့ မြန်မာတွေ ဈေးကွက်ထဲဝင်လို့ကတော့ အရိုးဘဲ ကိုက်ရတော့မှာပါ။ တကယ် Open Market ဖြစ်လာတဲ့ အခါ လူရည်ဝဖို့၊ နားရည်ဝဖို့၊ နိုင်ငံရေး အနံ့ ခံ ကောင်းဖို့ အစွမ်းအစတွေ ရှိဖို့လိုပါသည်။ သို့မဟုတ်လျှင်တော့ တရုတ်ကြီးနဲ့ ကုလား ကြီးတွေဘဲ စားသွားမှာပါ။ ဒီလိုအချိန်မျိုးမှာ အရေးကြီးဆုံးအချက်ကတော့ နွားကွဲရင် ကျားဆွဲမယ် ဆိုတာ ကို ကြပ်ကြပ်သတိထား မမေ့လျော့ဖို့ ပါဘဲ။

Saturday, April 7, 2012

မြန်မာနဂါးနှင့် ဒီမိုကရေစီ ဒီလှိုင်း

ကမ္ဘာ့ဒီမိုကရေစီအင်အားစုသည်အောင်မြင်မှုများ ဆက်တိုက် ရရှိနေပါသည်။ အရင်းရှင်ဒီမိုကရေစီစံနစ်က ကမ္ဘာကြီး တခုလုံးကို လွမ်းမိုးလို့နေပြီ။
အခုတလော မြန်မာနိုင်ငံ၏ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလစ်လပ်အမတ်နေရာ အားလုံးနည်းပါး အနိုင်ရရှိသွားပါသည်။ ဤအချက်က ဘာကိုပြနေသလဲဆိုတော့ မြန်မာ ပြည်သူလူထုကြီးသည် ဒီမိုကရေစီစံနစ်ကို မည်မျှ မျှော်လင့်တောင့်တ နေသည်ကို ဖေါ်ပြနေပါသည်။ ဒီထက်ပိုပြီး အရေးကြီးတာက နိုင်ငံတော်အစိုးရသည်လည်း ပြည်သူလူထုကြီးရဲ့ ဆန္ဒသဘောထားကို သိရှိနားလည်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်လျောသည့်အနေဖြင့် ဒီမိုကရေစီ သဘောထားနှင့် ရပ်တည်ချက်ကို ရှင်းလင်း ပြတ်သားစွာနှင့် အမြော် အမြင်ကြီးစွာ ဖေါ်ပြခဲ့ပါသည်။ သို့အားဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်ချောမွေ့စွာ ကျင်းပ ပြီးစီးနိုင်ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ လေ့လာ ဆန်းစစ်ရေး အဖွဲ့များ၏ ချီးကျူး အတည်ပြုမှုကို တခဲနက်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပပြီးစီးတာနဲ့ တပြိုင်နက် တုံ့ပြန်အသိအမှတ်ပြု တဲ့အနေနဲ့  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှု နဲ့ကန့်သတ်ချက် တွေကို လျှော့ချ ပယ်ဖျက်ပေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ကနဦးဆုံး အချိန်မှာ မဆိုင်းမတွ ကြေငြာခဲ့ပါတယ်။ သို့ဖြင့် မြန်မာနိုင်ငံသည် ပြည်ထဲရေးတွင်ကော နိုင်ငံခြားရေးမှာပါ နောက်ထပ် အရေးပါတဲ့ ထိုးဖေါက် အောင်မြင်မှုကြီး တခု ရရှိနိုင်ခဲ့ပါတယ်။ သည့်ထက်ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ကမ္ဘာ့ပင်မ ရေစီးကြောင်း ဖြစ်တဲ့ လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို နောက်ပြန်မလှည့်စတမ်း လျှောက်လှမ်း တော့မယ် ဆိုတာကို ဤအချက်(ကြားဖြတ်ရွေးကောက်ပွဲ)က ကွက်ကွက်ကွင်းကွင်း ဖေါ်ပြနေပါတယ်။ ထိုနည်းအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး နယ်ပယ်သည် မိုးကောင်းကင်နှင့် ပင်လယ်ပြင်တမျှ ကျယ်ပြော လာပါသည်။ အတုမဲ့ ထွန်းလင်း တောက်ပနေတော့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့ သည် တဦးနှင့်တဦး နားလည်မှု အပြည့်အဝ ရှိကြပါသည်။ ပြီးပြည့်စုံသော ပူးပေါင်း ဆောင်ရွက်မှု တရပ် ဟုဆိုနိုင်ပါသည်။ ၎င်းတို့ နှစ်ဦးသည် အမျိုးသား ပေါင်းစည်းညီညွတ်ရေးနှင့် ဒီမိုကရေစီရေး၏ ရှေ့ဆောင်စံပြ၊ ခေါင်းဆောင်ကြီးများအဖြစ် ကမ္ပည်းကျောက်စာ တင်ခံထိုက်သူများ ဖြစ်ပါသည်။ ဤစာ ရေးနေချိန် မှာဘဲ တယ်လီဗွီးရှင်း သတင်းမီဒီယာ ထဲကနေ အစိုးရနှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း (KNU) အကြား  ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသွားပြီ ဆိုတဲ့ သတင်းကောင်း ကြားလိုက် ရပါတယ်။ BRAVO! ကောင်းလေစွတကား။ မင်္ဂလာသတင်း တပုဒ် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ရဲ့ အမျိုးသား ချစ်ကြည် စည်းလုံး ရေးနှင့် ဒီမိုကရေစီရေးသည် လေဟုန်စီး သကဲ့သို့ အရှိန် မြှင့်၍ တိုးတက်နေပါပြီ။ ဒီနေ့ ဒီအချိန် ဒီနေရာကစပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ကမ္ဘာ့ဒီမိုကရေစီ မိသားစုကြီး၏ အဖွဲ့ဝင် တဦး ဖြစ်လာသည့် အလျောက် ကျွန်တော်တို့၏ မိတ်ဆွေရောင်းရင်း များသည် ကမ္ဘာအနှံ့ ပြန့်နှံ့လျက်နေပါပြီ။ တချိန်ထည်းမှာဘဲ ကျွန်တော်တို့ရဲ့ စီးပွားရေး သည်လည်း တဟုန်ထိုး တိုးတက် လာပါမည်။ မကြာမီ ကာလတွင် မြန်မာနိုင်ငံသည် အာရှတိုက် တွင် နောက်ထပ် ထွန်းပေါက် လာမည့် စီးပွားရေးအင်အားနိုင်ငံ တနိုင်ငံ(မြန်မာနဂါး) ဖြစ်ပါသည်။

Tuesday, April 3, 2012

မြန်မာ့ ဒီမိုကရေစီအရေး အောင်နိုင်ရမည်

ပြီးခဲ့ တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စုစုပေါင်းလစ်လပ် အမတ်နေရာ ၄၅ နေရာထဲက ၄၃နေရာ အနိုင်ရရှိသွားတယ်ဆိုတော့ လူထုထောက်ခံမှုကို အပြည့်အဝ ရရှိနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ရွေးကောက်ပွဲလည်း ဒီမိုကရေစီ ပီပြင်စွာ မှန်မှန်ကန်ကန် ကောင်းမွန်ချောမွေ့စွာ ကျင်းပပြီးစီး သွားတယ်ဆိုတော့ (မပြောပ လောက်တဲ့ အပြစ် အနာအဆာ လေးတွေတော့ ရှိစမြဲပါ) ရွေးကောက်ပွဲကော်မရှင်ကိုကော အစိုးရကိုပါ ကျေးဇူး တင်ရမည် ဖြစ်ပါသည်။ ဤကြားဖြတ် ရွေးကောက်ပွဲရဲ့ အနှစ်သာရ ရလဒ်က ဘာလဲဆိုတော့ စစ်မှန်တဲ့ ဒီမိုကရေစီရေးဘဲဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ လိမ်လည် လှည့်ဖြားတဲ့ နည်းနဲ့ အတုလုပ်လို့မရပါဘူး။ အတုလုပ်လျှင်လည်း လုပ်တဲ့ လူဘဲ ခံသွားရမှာပါ။ ဒီမိုကရေစီရဲ့ ဘုန်းတန်ခိုး အာနိသင်ဟာ လွန်စွာ ကြီးမားပါပေတယ်။ သူ့ အနားကို မည်သည့် မကောင်းဆိုးဝါးမျှ လာကပ်၍ မရပါ။ ထို့ကြောင့် ဒီမိုကရေစီကို လူတိုင်းမြတ်နိုး ယုံကြည် ကိုးကွယ် သင့်ပါသည်။
အမိနိုင်ငံတော်၏ ဒီမိုကရေစီရေး အဓွန့်ရှည်ပါစေ။
လူထုအင်အား အဓွန့်ရှည်ပါစေ။
တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်စည်းလုံးရေး အဓွန့်ရှည်ပါစေ။

Friday, March 16, 2012

စိတ်တိုင်းကျ ဒီမိုကရေစီ

စိတ်တိုင်းကျ (ideal) ဒီမိုကရေစီ ကတော့ အတိုက်အခံ ပါတီအင်အားသည် အာဏာရ ပါတီအင်အားနှင့် မတိမ်းမယိမ်း ဖြစ်ရပါမည်။ သို့မှသာ ရွေးကောက်ပွဲကျင်းပရာမှာကော လွှတ်တော် ဖွဲ့စည်းပြီးတဲ့ အချိန်မှာပါ မည်သည့်ပါတီ ကမှ လက်ဝါးကြီးအုပ် စိုးမိုးခြယ်လှယ်ခြင်း မပြုနိုင်ဘဲ အာဏာရပါတီက အတိုက်အခံပါတီနှင့် အပေးအယူလုပ်ဖို့ (compromise and making a deal) ပြေလည်ရန် အတွက် ဆွေးနွေး တိုင်ပင်မှုတွေ ပြုလုပ်ရမည် ဖြစ်ပါသည်။ လုပ်ငန်းများ လုပ်ကိုင် ရာမှာလည်း ကောင်းသထက် ကောင်းအောင်၊ စွမ်းသထက် စွမ်းအောင် စွမ်းဆောင်ပြရပါမည်။ ပါတီ တရပ်သို့မဟုတ် ပါတီများ သည် တိုင်းပြည် ကို တိုးတက် အောင် စီမံအုပ်ချုပ်ရာတွင် အတိုက်အခံပါတီများ၏ ကြပ်မတ်မှု အောက်တွင် fairness, righteousness နှင့် efficiency ဖြစ်အောင် အမြဲ ကြိုးစား နေရပါမည်။ အတိုက်အခံ ပါတီ များကလည်း အာဏာရပါတီကို အမြဲ ဆန့်ကျင်ရန်၊ ကဖျက်ယဖျက် လုပ်ရန်မဟုတ်ဘဲ အပြုသဘော ကြပ်မတ်ရန်ဖြစ်ပါသည်။ ၎င်း သည်ပင် ဒီမိုကရေစီ စိတ်ဓာတ်နှင့် ကျင့်စဉ်ဖြစ်ပါသည်။ ထိုသို့သော ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်သော အစိုးရ ပေါ်ထွန်းလာဖို့ အတွက် သမာသမတ်ရှိပြီး လုံးဝ ဘက်မလိုက်တဲ့၊ efficient ဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် တရပ်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတို့ ရှိဖို့ လိုပါသည်။ ဤနည်းအားဖြင့် သန့်ရှင်းစင်ကြယ်သော ယှဉ်ပြိုင်မှုဖြင့် တကယ့် ကောင်းမွန်တဲ့ ဒီမိုကရေစီ အစိုးရပေါ်ထွန်းလာပါမည်။ တဖန် ဒီမိုကရေစီ စိတ်ဓာတ်နှင့် ကျင့်စဉ်ကို ပျိုးထောင် ပေးဖို့အတွက် အခြေခံ ကျောင်းစာအုပ်များတွင် ဒီမိုကရေစီကျင့်စဉ် ဘာသာရပ်တခု သို့မဟုတ် သင်ခန်းစာများ ပြဋ္ဌာန်း ပေးရပါမည်။ ပြည်သူ တရပ်လုံးရဲ့ ဒီမိုကရေစီ အသိကို ကျောင်းသားဘဝက စပြီး ပျိုးထောင် မြှင့်တင်ပေးရပါမည်။ ဒါဆိုလျှင် ကျွန်တော် တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အရေး စိတ်အေးရပြီပေါ့။ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူး တွေကိုလည်း ခံစားနိုင်ပြီ ပေါ့။
ဒီမိုကရေစီ အဓွန့်ရှည်ပါစေ။ ဒီမိုကရေစီ အောင်မြင်ပါစေ။

Saturday, March 10, 2012

Window period နဲ့ ထွက်ရပ်လမ်း

ကျွန်တော် USA က ဒေါက်တာသန်းနိုင်ဦးရေးတဲ့ “Eulogy for a childhood friend” ကို အားလပ်တိုင်း ပြန်ပြန်ဖတ်ပါတယ်။ အကြောင်းကတော့
(၁) စာမူထဲမှာ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်လည်း ဇာတ်ကောင် အဖြစ်ပါနေလို့- ကျွန်တော်ကလည်း Eleven Media Group ရဲ့ news journal ကိုရော CEO ဒေါက်တာသန်းထွဋ်အောင်ကိုပါ မြတ်နိုး နှစ်သက် လေးစားတဲ့ fans ဖြစ်နေလို့၊
(၂) စာ အရေးအသား ကိုကြိုက်နှစ်သက် လွန်းလို့၊
(၃) စာမူပါ အကြောင်းအချက်များသည် ဆေးပညာသက်သက်သာ ဖြစ်သော်လည်း လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အတော်ဆင်တူပြီး ဥပမာ ခိုင်းကောင်း တွေးကောင်းစရာ ဖြစ်နေလို့
(၄) ကျွန်တော့်သ္မီးသည်လည်း ဆရာဝန် (ဒေါက်တာ) တယောက်ဖြစ်တာမို့  ဆေးဒေါက်တာတွေအကြောင်း  ကြားလိုက်ရင် ကိုယ့် မိသားစု အကြောင်းကြားရသလို စိတ်ဝင်စားမြဲ ဖြစ်ရတာမို့လို့၊ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။
အခုခေတ်ကြီးဟာ Computer Era ဖြစ်တာမို့ ဘာ အလုပ် လုပ်လုပ် Speed နဲ့ Efficiency ကသိပ်အရေးကြီးပါတယ်။ လူတယောက်ရဲ့ ဘဝသက်တမ်း က တိုတိုကလေးပါ။ သည်လိုတိုတောင်းတဲ့ဘဝသက်တမ်းကို အဓိပ္ပာယ်ရှိအောင် Speed နဲ့ Efficiency ကို မြှင့်တင်ပေးခြင်းအားဖြင့် သက်တမ်းပိုရှည်လာတဲ့ အကျိုးမျိုးကိုရရှိနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တာ နှစ်ပေါင်း၄၀-၅၀ ရှိပြီမို့ Speed နဲ့ Efficiency တွေ အပေါ်မှာ အရေထူ ထုံကျဉ်နေပါပြီ။ ထို့ကြောင့်လည်းဘဲ ဒေါက်တာနေဝင်းမောင်ရဲ့ အသက်ကို မကယ်နိုင်ဘဲ ဆုံးပါးသွားရတာပေါ့။ Speed နဲ့ Efficiency ရှိရင် ဒီရောဂါမျိုးဟာ အသက်မသေနိုင်ပါဘူး၊ လုံးဝ ကယ်တင်နိုင်ပါတယ်။ ဒီအချက်ကို ဒေါက်တာ သန်းနိုင်ဦး က သူ့ဆောင်းပါးထဲမှာ စုံစုံစေ့စေ့ ရေးထားတာပါ။ ဒီအထဲမှာ Window period ဆိုတဲ့ ဝေါဟာရကို သူသုံးသွားတာ ကျွန်တော် အလွန်နှစ်သက်ပါတယ်။ အကြောင်းကတော့ ၎င်းဝေါဟာရကို နိုင်ငံရေးမှာလည်း ကောင်းကောင်းတင်စားသုံးနှုန်းလို့ ရလို့ပါဘဲ။ မနေ့တနေ့ကဘဲ တယ်လီဗီးရှင်းထဲမှာ အမေရိကန်သမ္မတ အိုဘားမားက ဆီးရီးယားနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောတာကို ကြည့်လိုက်ရတယ်။ မိန့်ခွန်းထဲမှာ သူက ဆီးရီးယားသည် လက်ရှိ ပဋိပက္ခအကျပ်အတည်းမှ လွတ်မြောက်ဖို့ Window တခု ရှိနေပါသေးတယ်လို့ သုံးနှုန်းသွားတာ တွေ့ရတယ်။ Window ဆိုတာ အသက်ကယ်ပေါက်၊ ထွက်ရပ်လမ်း ဆိုတဲ့ အဓိပ္ပာယ် ဆောင်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း အခု Window Period တခု သို့ရောက်ရှိနေတယ်လို့ ဆိုရမလိုဖြစ်နေတယ်။ အကြောင်းကတော့ အခုအချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စစ်အစိုးရ လက်ထက်မှသည် အရပ်သားအစိုးရလက်ထက်သို့ အလွှဲအပြောင်း ကူးပြောင်းခါစ အချိန်သို့ရောက်နေလို့ ဖြစ်ပါတယ်။ ထို့အပြင် အရပ်သားအစိုးရသည် စစ်အစိုးရခေတ်က နှောင်ကြိုးတွေကို လုံးဝ ဖြတ်တောက်ပြီး စိတ်သစ်ကိုယ်သစ် စံနစ်သစ်ဖြင့် ဒီမိုကရေစီ စံနစ်သို့ နောက်ပြန်မလှည့်စတမ်း တက်လှမ်းမည်ဟု ကြွေးကြော် ထားပါသည်။ ဒီအချိန်မှာ ပြည်သူတရပ်လုံးက ယုံကြည်ကိုးစားအောင် လုပ်ဖို့လိုပါသည်။ ထိုသို့လုပ်ရန်ကြိုးစားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေး ပြီးပါပြီ။ ပါတီပြန်ဖွဲ့ခွင့်တွေ ပေးလိုက်ပါပြီ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေပါပြီ။ ပြည်သူလူထုကြီး ၏ဆန္ဒနှင့် တောင်းဆိုချက်ကို လေးစားသော အားဖြင့် မြစ်ဆုံ စီမံကိန်းကို ခေတ္တ ရပ်နားလိုက်ပါပြီ။ စီးပွားရေးမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းပြင်ဆင်မှု၊ နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းမှု၊ အခွန်ကောက်ခံခြင်း နှုန်းထားပုံစံ များပြင်ဆင်မှုစသည်တို့ကို  လုပ်ဆောင် နေပါသည်။ သို့သော် ဒီမိုကရေစီ အနောက်နိုင်ငံများ ကျေနပ် ထောက်ခံရလောက်အောင်
 ခြေလှမ်းကျဲကျဲ လုပ်ဆောင် နိုင်ခြင်း မရှိသေးပါ။ ဥပမာပြရလျှင် NLD ပါတီ ဒေါ်အောင်ဆန်းစုကြည် တို့ မဲဆွယ်ပွဲ ပြုလုပ်ရာမှာ အစိုးရ အနေနဲ့ ဥပဒေအရ အဆင်ပြေအောင် ကာကွယ်စောင့်ရှောက် အထောက်အကူပြုဖို့ လိုပါသည်။ မဲစာရင်း မဲပြားတွေမှန်ကန်ဖို့လိုပါသည်။  သို့မှသာ ဒီမိုကရေစီ ပီပြင်မှာပေါ့။ လစ်လပ်နေရာ ၄၈ နေရာ ကလေး မှာတောင် သဘောထားမကြီးနိုင်လျှင် ဘယ်နေရာမှာ သဘောထားကြီးနိုင်ဦးမှာနည်း။ ဒီအချိန်ဟာ WINDOW ကာလ ဖြစ်လို့ ဒီမိုကရေစီ Willingness ကို အပြည့်အဝ ပြသဖို့လိုပါသည်။ အစိုးရက ဒီကိစ္စကို ပေါ့ဆနေလျှင် ကျွန်တော်တို့ ဒီတန်ဖိုးရှိလှတဲ့ Window period ကို လက်လွတ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဒါဟာ ပေါ့ပေါ့တန်တန် ကိစ္စ မဟုတ်ပါဘူး။ အပ်နဲ့ထွင်းရမှာကို ပေါ့ဆလိုက်ရင် နောက်နောင် ပုဆိန်နဲ့ ပေါက်ခွဲရမယ့် အဖြစ်မျိုးနဲ့ ကြုံလာနိုင်တယ်။ ဦးဏှောက်ရှိသူ ဉာဏ်ပညာရှိသူတို့ သတိမူကြပါရန်။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အဖွဲ့ဟာ ကျွန်တော်တို့ နိုင်ငံမှာ တန်ဖိုးရှိလှတဲ့ ရွှေတုံးရွှေခဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ တရားတော် အတိုင်း အကြမ်းမဖက်တဲ့ မဇ္ဈိမ ပဋိပဒါ လမ်းကိုလိုက်တဲ့ အင်မတန် ညင်သာပျော့ပျောင်း တဲ့ နိုင်ငံရေး အင်အားစု ဖြစ်ပါတယ်။ NLD အင်အားစု ရှိလို့ ကျွန်တော်တို့ နိုင်ငံ ဒီလောက် အေးချမ်း ငြိမ်သက် နေတာပေါ့။ သို့မဟုတ်လျှင် အာရပ် နိုင်ငံတွေလို အကြမ်းဖက်မှု တွေဖြစ်သွားနိုင်တယ်။ (နိုင်ငံ အေးချမ်းမှုဟာ စစ်အင်အားတောင့်တင်းတာနဲ့ သိပ်မဆိုင်ပါဘူး။ တိုင်းသူပြည်သားဘဝ သာယာဝပြော မဝပြောနဲ့ ဆိုင်ပါတယ်။ လစ်ဗျားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဆီးရီးယားနိုင်ငံ တွေရဲ့ အစိုးရစစ်တပ် အင်အားတွေဟာ အကုန်လုံးတောင့်တင်းပါတယ်။ ဒါပေမဲ့ ဂါဒါဖီကြီးကျဆုံးသွားပြီ၊ မူဘာရပ်လည်း တရားခံ အကျဉ်းသား ဖြစ်နေပြီ၊ ဆီးရီးယားသမ္မတ အာဆတ်ကြီးလည်း ခေါင်းကြီးနေပြီ။ ဘာ့ကြောင့်လဲ။ တိုင်းသူပြည်သား အများစု ဘဝ မဖူလုံလို့ပေါ့။) ကျွန်တော်တို့ရဲ့ တံခါးပိတ်ဝါဒကြောင့် ပြီးခဲ့တဲ့ အနှစ်သုံးဆယ်အတွင်း တရုတ်ကြီးကိုဘဲ တဖက်ယိမ်း အားကိုးခဲ့ရလို့ စီးပွားရေးမှာ လက်ဝါးကြီး အအုပ်ခံ အခြယ်လှယ်ခံ ဖြစ်ခဲ့ ရပါတယ်။ အခုဆိုလျှင် ကျွန်တော်တို့ တတိုင်းပြည်လုံး တရုတ် ကုန်ပစ္စည်း အညံ့တွေ ရေလွှမ်းသလို အလွှမ်းခံ လိုက်ရပြီး လူမျိုးလည်း ဝါးမျိုခံရလုမတတ် ဖြစ်နေပြီ မဟုတ်ပါလား။ မန္တလေးမြို့ ဆိုလျှင် အိမ်ရာမြေ ခြံမြေ တွေတောင် ဝါးမျို ခံရပြီ မဟုတ်ပါလား။ ဒီ ဆိုးကျိုးတွေမှ လွတ်မြောက်အောင် အခု အချိန်ဟာ အကောင်းဆုံး Window period အချိန်ဖြစ်ပါတယ်။ တွေဝေ မနေဘဲ ရဲရဲရင့်ရင့် ခြေလှမ်းကျဲကျဲ ပြုပြင် ပြောင်းလဲ သင့်ပါပြီ။ တရုတ်ကြီးကိုကြောက်ပြီး ဘာမှ မလုပ်ရဲ ဖြစ်နေရင် နစ်သထက် ပိုနစ်မှာပေါ့။ တရားမှန်နည်းမှန်ဆိုလျှင် ကြောက်စရာ မလိုပါဘူး။ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ပါ။ ဗီယက်နမ်တို့၊ ဖီလစ်ပိုင်၊ ဂျပန်၊ ကနေဒါ၊ တို့ ဆိုလျှင် ပြီးခဲ့တဲ့နေ့ကမှ သြစတြေးလျ နိုင်ငံ မယ်လ်ဘုန်းမြို့မှာ အမေရိကန်အစရှိတဲ့ နိုင်ငံတွေနဲ့ TPP (ပစိဖိတ် ဝန်းကျင်ဒေသ စီးပွားရေးဇုန်) အစည်းအဝေး တက်ကြသေးတယ်။ မိတ်ကောင်းဆွေကောင်းများရင် ဘယ်သူမျှ ကိုယ့်အပေါ် ဗိုလ်လာ မကျရဲပါဘူး။ ကျွန်တော်တို့နိုင်ငံအတွက် စီးပွားရေး ထွက်ရပ်လမ်းဟာ အနောက်နိုင်ငံတွေနဲ့ ပနံသင့်အောင်ပေါင်းပြီး သူတို့ ရဲ့ ဈေးကွက်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရယူဖို့ လိုပါတယ်။ သို့မှသာ ကျွန်တော်တို့ နိုင်ငံအတွင်း လုပ်ငန်းကိုင်ငန်းတွေ ပေါများလာပြီး စီးပွားရေးလည်း တိုးတက်လာနိုင်ပါမည်။

Wednesday, March 7, 2012

ဆောက်ဖြစ်မှ ကျောင်းဒကာ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကိုကြွေးကြော်ပြီး လူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သား အစိုးရသစ်ပေါ်ပေါက်လာပါပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်မှာ စစ်တပ်က အလိုအလျောက် အမတ်နေရာ ၂၅% ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာ အဓိပ္ပာယ်ကိုပြသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ စစ်ရေးကို အတော်အလေးထားတယ် ဆိုတဲ့သဘောပါဘဲ။ ဒါဟာလည်း ပြည်သူ့ဆန္ဒခံယူပြီး ဖြစ်ပေါ်လာတဲ့ အခြေခံဥပဒေအရ လုပ်ဆောင်တာမို့ ပြောစရာ အကြောင်းမရှိပါ။ အရေးကြီးတာက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာမှာ အပြောနဲ့ လက်တွေ့ကိုက်ညီဖို့၊ သဘောထားဖြူစင်ဖို့၊ သမာသမတ်ကျဖို့၊ နိုင်ငံခြားရေး ပေါ်လစီတွေမှာ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေနဲ့ တကယ် အလျင်းသင့်အောင် ပေါင်းသင်းဆက်ဆံနိုင်ဖို့၊ ဒါတွေအားလုံးကို ထင်သာမြင်သာ လက်တွေ့အကောင်အထည်ဖေါ်နိုင်ပါမှ (ဝါ) ဆောက်ဖြစ်မှ ကျောင်းဒကာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီက စရုံဘဲစတာရှိသေးတော့ ပီပြင်မပီပြင်ဆိုတာ ရှေ့ဆက် ဘယ်လိုလုပ်မယ်၊ ဘယ်လိုသဘောထားမယ်၊ ဘယ်လိုကိုင်တွယ်မယ်၊ သဘောထားချင်း တူညီသူကော မတူညီသူကော ဘယ်လို လက်တွဲပြီး all inclusive ပုံစံနဲ့ အပြုသဘော ခံယူကျင့်သုံးမယ်စတဲ့ အချက်တွေ အပေါ်မှာ မှီတည်နေပါတယ်။ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတဲ့ အတိုင်း လက်တွေ့ ဆောက်ဖြစ်မဆောက်ဖြစ် ဆိုတဲ့ အထိ စောင့်ကြည့်ဖို့လိုပါတယ်။ ကျွန်တော်ကတော့ ဆောက်ဖြစ်မယ်လို့ လုံးဝ ယုံကြည်ထားသူ အကောင်းမြင်ဝါဒီ တယောက် ဖြစ်ပါတယ်။ အားလုံးအောင်မြင် စေကြောင်း ဆုတောင်းလျက်ပါ။
ကျွန်တော်တို့ တတွေဟာ ပြည်တွင်းရေးသာမက နိုင်ငံတကာရေးပါ ထည့်စဉ်းစားဖို့နဲ့ အရေးထားဖို့လိုပါတယ်။ နွားကွဲရင် ကျားဆွဲမယ်ဆိုတာကို ကြပ်ကြပ်သတိထားရပါမယ်။ ကိုယ့် ညီအစ်ကိုမောင်နှမ အချင်းချင်း မည်သူက အနည်းငယ် သာသည် နာသည် တို့ကို တွက်ကပ်မနေဘဲ အချင်းချင်းကိစ္စတွေမှာ သဘောထားကြီးဖို့လိုပါတယ်။
ကိုယ့်အချင်းချင်း သဘောထားကြီးနိုင်ပါမှ စည်းလုံးညီညွတ်ရေး ရရှိနိုင်ပါမယ်။ စည်းလုံးညီညွတ်ပါမှ ပြည်ပက စိမ့်ဝင်တဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ပါမယ်။ ထိုဘေးအန္တရာယ်များကို စစ်တပ်ကြီးနဲ့ ကာကွယ်လို့မရပါ။ အခုခေတ်စကားနဲ့ ပြောရရင် ၎င်းတို့ကို အပျော့အင်အား (soft power) ဖြင့်သာ ကာကွယ် တားဆီးနိုင်ပါမည်။ တဖန် ထိုအပျော့အင်အားသည် စည်းလုံးညီညွတ်ခြင်းပေါ်မှာ ဖြစ်တည်နေပါသည်။ ထို့ ကြောင့် အားလုံးစည်းလုံး ညီညွတ်ကြဖို့ အရေးကြီးပါသည်။ ရေလိုက်ငါးလိုက်နေတဲ့စိတ်၊ ပေါ့ပေါ့တန်တန် နေတဲ့စိတ်၊ ရောကျော်လုပ်တဲ့စိတ်၊ ရေသာခို အချောင်နှိုက်တဲ့စိတ်တွေ ဖျောက်ဖို့လိုပါပြီ။